News

POST TAGGED AS

ခရီးသွားလုပ်ငန်း

ပုဂံတွင် မြန်မာ့ရိုးရာ အစားအစာများဖြင့် ခရီးသွားဈေးကွက် မြှင့်တင်မည်
ရန်ကုန်၊ ဇွန် ၂၃

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည် အဓိကလည်ပတ်ရာနေရာတစ်ခုဖြစ်သည့် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ အစားအစာများကို ပြပွဲလုပ်၍ မိုးကာလအတွက် ခရီးသွားဈေးကွက် မြှင့်တင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထွဋ်ဦးက ပြောကြားသည်။

“ဒီနှစ်မိုးရာသီအတွက် အဓိက ပရိုမိုးရှင်းပေါ့။ တိုင်းနဲ့ပြည်နယ်က မြန်မာ့ရိုးရာ အစားစာတွေကို ပုဂံမှာပြပြီး ပြည်တွင်း ပြည်ပ ဧည့်သည်တွေကို ဆွဲဆောင်မှုလုပ်မယ်။ ပရိုမိုးရှင်းကို အောင်မြင်အောင် လောကနန္ဒာဘုရားပွဲနဲ့ တွဲပြီးလုပ်မှာပါ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ရိုးရာအစားအစာများကို အဆင့်မြှင့်တင်၍ အမှတ်တံဆိပ်တစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန်လိုအပ်ကြောင်း ယခုနှစ်ဇွန်လအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်း ညီလာခံတွင် ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက အကြံပြု ဆွေးနွေးခဲ့သည်။

“ပုဂံမှာ ဘုရားပွဲကာလတွေမှာ ပြည်တွင်း ပြည်ပ ဧည့်သည်တွေက လာနေတော့ ဘုရားပွဲနဲ့တွဲလုပ်တာက အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက များမယ် ထင်တယ်”ဟု ဂျပန်ဘာသာဖြင့် ဧည့်လမ်းညွှန်လုပ်ကိုင်သူ ဦးသန်းနိုင်က ဆိုသည်။

မြန်မာ့ရိုးရာ အစားအစာပြပွဲကို ပုဂံမြို့ရှိ လောကနန္ဒာဘုရားပရိဝုဏ်၌ ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ခရီးသွားကဏ္ဍမှ အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကယားနှင့် ရှမ်း အစရှိသည့် ရိုးရာ အစားအစာများနှင့် သရေစာများကို ပြုလုပ်ခင်းကျင်း ပြသရန်စီစဉ်ထားသည်။

J-14



FOLLOW US