News

POST TAGGED AS

ခရီးသွားလုပ်ငန်း

10-Jun-2018

ပုဂံ ဘုရား
မိုးကြောင့်ပြိုကျခဲ့သည့် ပုဂံဘုရား မျက်မြင်အတိုင်းထားမည်


မန္တလေး၊ ဇွန် ၉

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၃၇၈ ကို မျက်မြင်အတိုင်း ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

ဇွန်လဆန်းပိုင်းကရွာသွန်းသည့် မိုးဒဏ်ကြောင့် ဇွန်လ ၈ နေ့ ညနေပိုင်းက ပြိုကျခဲ့သော ဘုရားအမှတ် ၁၃၇၈ နှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

အဆိုပါဘုရားသည် မြေပေါက်စေတီ အမျိုးအစားဖြစ်ကာ ဉာဏ်တော်အမြင့် ၂၇ ပေခန့်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုရားများစာရင်းတွင် မပါဘဲ ၁၉၉၇ ခုနှစ်က အသစ်ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည့် ဘုရားဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှတ်တမ်းများအရ သိရသည်။

၂၀၀၃ ခုနှစ်က စေတီအက်ကွဲမှုကြောင့် သံခါးပတ် (နှစ်နေရာ) ပတ်ထားခဲ့ဖူးကာ အက်ကွဲကြောင်းများမှတစ်ဆင့် မိုးရေစိမ့်ဝင်မှုကြောင့် စေတီ၏ အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်ခြမ်းများပြိုကျခဲ့ရာ စေတီ၏ သုံးပုံနှစ်ပုံခန့် ပျက်စီးခဲ့ကြောင်း၊ လက်ရာအသစ်နှင့် လက်ရာအဟောင်း ဆက်စပ်မှုမရှိသည်ကို နမူနာအနေနှင့်ပြသလိုသဖြင့် ထပ်မံမပျက်စီးစေရန်သာ ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ဦးစိုးစိုးလင်းက ထပ်မံပြောကြားသည်။

ပြိုကျခဲ့သည့် ဘုရားအမှတ် ၁၃၇၈ သည် မြင်းကပါကျေးရွာ၏ မြောက်ဘက်၊ မြင်းကပါဂူပြောက်ငယ်ဘုရား၏ အနောက်တောင်ထောင့် ကိုက် ၅၀၀ ခန့်အကွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှေ့တွင် ရှိသည်။ 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ဘုရားစေတီအချို့ပျက်စီးခဲ့ရပြီး ယင်းနှစ်နိုဝင်ဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့်လည်း အုတ်ကျောင်းတစ်ခု၏ အစိတ်အပိုင်းများ ပျက်စီးခဲ့သေးသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှနေ၍ နေဝင်၊ နေထွက်ချိန်များကို အဓိကကြည့်ရှုရာ ရွှေဆံတော်ဘုရား ပထမပစ္စယာအုတ်နံရံ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့သေးကာ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စိမ်းညက်ညီအစ်မဘုရား၏ အနောက်တောင်ဘက်တွင်ရှိသည့် ဘုရားအမှတ် ၁၀၆၆ မှ အသစ်ပြန်လည်တည်ဆောက်ထားသည့် နံရံအသစ်သုံးဖက်ပွင့်ကျကာ ပြိုပျက်ခဲ့သေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှသိရသည်။ 

M-05



FOLLOW US