News

POST TAGGED AS

ခရီးသွားလုပ်ငန်း

နာမည်ကျော် ရေအိုင်ဘေးနေသူများ၏သောက

ချင်းတောင်တန်းမြင့်မြင့်များ၏အလယ်တွင် အသည်းနှလုံးပုံသဏ္ဌာန် ရေကန်တစ်ခုတည်ရှိနေပြီး ယင်းရေကန်ပတ်လည်တွင် ဝိညာဉ်ခြံစည်းရိုးဟု ချင်းလူမျိုးတို့က ကင်ပွန်းတပ်ထားသည့် မိုးမခပင်များမှာ သဘာဝအလျောက် ပေါက်ရောက်နေသည်။ 

ယင်းကား ရိရေကန်ဖြစ်ပြီး ရိရေကန်သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့နယ်အတွင်းတည်ရှိပြီး ကမ္ဘာတစ်ဝန်းရှိသည့် ရေကန်များအနက် အသည်းနှလုံးပုံစံ စစ်စစ်ရှိသည့် ရေကန်တစ်ခုဖြစ်ခြင်း၊ လှပခြင်းစသည့် ထူးခြားချက်များကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ စိတ်ဝင်တစား လာရောက် လည်ပတ်ကြသည်။ 

ယင်းရေကန်ပတ်လည်တွင်တော့ ဒေသခံချင်း တိုင်းရင်းသားတို့၏ စိုက်ပျိုးပြီး ရိတ်သိမ်းထားသည့် လှေကားထစ်လယ်ကွင်းများက ရှိနေသည်။

အဆိုပါ လှေကားထစ် လယ်ကွင်းပေါ်တွင် ဆောက်ထားသည့် လယ်စောင့်တဲတစ်ခုအတွင်း၌ အသက် ၆၃ နှစ်အရွယ်ရှိသည့် ဦးထန်ခူးမာတစ်ယောက် ထိုင်နေပြီး ၎င်း၏လယ်ကွင်းပြင်ပေါ် ဟိုဟိုဒီဒီ သွားလာနေသည့် ကျွဲများကိုကြည့်ရင်းက သက်ပြင်းကို အကြိမ်ကြိမ်ချကာ ယခုကဲ့သို့ ပြောဆိုသည်။ 

“ဒီလယ်တွေကို အစိုးရက သိမ်းလိုက်ပြီဆိုရင်ပေါ့ မိသားစုဝမ်းရေးအတွက် ဘာဆက်လုပ်စားရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”

ဦးထန်ခူးမာသည် မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်အတွင်းရှိ အသည်းနှလုံးပုံ ရိရေကန်ဘေးတွင် နေထိုင်ခဲ့သည်မှာ ၎င်း၏တစ်သက်ရှိလာပြီလည်းဖြစ်သည်။ 

၎င်းလုပ်ကိုင်နေသည့် ရိရေအိုင်ဘေးလယ်ကွက်များမှာလည်း ၎င်း၏ ဘိုးဘွားများ လက်ထက်ကတည်းမှ လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့သည့် လယ်ယာများဖြစ်ကာ ရိရေအိုင်ဘေးပတ်လည်ရှိ လယ်ဧက ၁၇၀ အနက်တွင် ၎င်းပိုင် လယ် ၂ ဧကမှ နှစ်စဉ်ထွက်ရှိသည့် စပါးများဖြင့် မိသားစုဝင်ခြောက်ဦး၏ ဝမ်းရေးကို ဖြေရှင်းနေသူတစ်ဦးလည်း ဖြစ်သည်။

ယခုအခါ ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြား လာရောက် လည်ပတ်နေသည့် နာမည်ကျော် အသည်းနှလုံးပုံ ရိရေအိုင်တွင် တားမြစ်ကန့်သတ်ချက်များကို အစိုးရက ထုတ်ပြန်ထားသည်။ 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နေ မီဇိုလူမျိုးများနှင့် ရိရေအိုင်ဘေးနေ ချင်းတိုင်းရင်းသားတို့မှာ ရိရေအိုင်မှ ရေကိုချိုးရပါက အသက်ရှည်ပြီး ကျန်းမာရေး ကောင်းမွန်ခြင်း၊ သေဆုံးဘိုးဘွားများ၏ ဝိညာဉ်များသည် ရိရေအိုင်အတွင်း ရှိနေကြသည်ဟု ယုံကြည်ကြခြင်း၊ ရိရေအိုင်တွင် လာရောက် ဆုတောင်းခြင်းတို့ပြုလုပ်ပါက စီးပွားလာဘ်လာဘများ တိုးတက်သည်ဟူသော ယုံကြည်ချက်များဖြင့် ပွင့်လင်းရာသီကာလဆိုပါက နေ့စဉ်လူဦးရေ ၂၀၀ နီးပါး နေ့ချင်းပြန် လာရောက်လည်ပတ်ကြကြောင်း ရိရေအိုင်ဘေးတွင် ထမင်းဆိုင် ဖွင့်ထားသည့် ဇိုးဇီဒိန်းငါက ရှင်းပြသည်။ 

“အခု ရေကန်ထဲမှာ စက်လှေလည်း မစီးရတော့ဘူး။ ရေလည်း မချိုးရတော့ဘူးဆိုတော့ ဒီကန်ကို အဓိက လာရောက်ကြတဲ့ မီဇိုရမ်းဘက်ကလူတွေ အလာနည်းသွားတယ်။ အရင်က တစ်ရက်ကို လူဦးရေ ၂၀၀ လာတာ။ အခု တစ်ရက်ကို လူ ၅၀ လောက်ပဲ လာတော့တယ်။ လူအလာနည်းသွားတော့ အရောင်းအဝယ်လည်း မကောင်းတော့ဘူး”ဟု ပြောဆိုသည်။ 

ချင်းပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုအနေနှင့် ၂၀၁၇ ခုနှစ်က ပြည်တွင်းခရီးသွားဧည့်သည် ၁၁,၀၄၇ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၂၄၅၄ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် စာရင်းအရ ချင်းပြည်နယ်မြောက်ပိုင်း ရိရေကန်နှင့် ကနေဒီတောင်တန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်မှာ ၅၀၀ ခန့်ပင်မရှိကြောင်း ချင်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“မြောက်ပိုင်းက ခရီးသွားဧည့်သည် လာရောက်မှုနည်းတယ်။ နည်းတယ်ဆိုတဲ့ အနေအထားမှာ ဟိုတယ်လည်း မရှိသေးဘူး။ ကမကထလုပ်တာလေးတွေလည်း မရှိသေးဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာလည်းပါတယ်”ဟု အဆိုပါဌာန ပြည်နယ်တာဝန်ခံ ဦးနီမှုန်းက ပြောဆိုသည်။

ယင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့ရှိသည့် ရိရေအိုင်သည် မူလရှိသည့် ကန်ရေပြင်အနေအထားမှ တဖြည်းဖြည်း ရေတိမ်လာခြင်း၊ ရေကန်အတွင်းရှိ ငါးသယံဇာတများ ပြုန်းတီးလာခြင်းတို့သည် ရိရေအိုင်ဘေးနေ ချင်းတိုင်းရင်းသားတို့က ကန်ဘေးပတ်လည်ရှိ သစ်ပင်များကို ခုတ်ထွင်ကာ လယ်ယာမြေများချဲ့ခြင်း၊ ရေအိုင်အတွင်းမှ ငါးဖမ်းခြင်း၊ စက်တပ်ရေယာဉ် မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် ရိရေအိုင်ကို ကမ္ဘာ့ရေတိမ်အင်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ၂၀၁၇ ခုနှစ်က စစ်ဆေးခံခဲ့ရာတွင်လည်း ယင်းအချက်များကြောင့် မအောင်မြင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ယင်းကြောင့် ရိရေအိုင်အတွင်း မူလက ဒေသခံ ချင်းတိုင်းရင်းသားများ ပြုလုပ်ကြသည့် ရေချိုးခြင်း၊ ငါးဖမ်းခြင်း၊ စက်တပ်ရေယာဉ်မောင်းနှင်ခြင်းတို့ကို တားမြစ်ခဲ့သည့်အပြင် ရိရေအိုင်ဘေး၌ လယ်ယာမြေ လုပ်ကိုင်ခြင်းကိုလည်း တားမြစ်နိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့က ပြုလုပ်ခဲ့သည်။ 

“ရေကန်ဘေးပတ်ပတ်လည် သစ်တောတွေကို မထိန်းသိမ်းဘူး။ အကုန်လုံး ပြုန်းတီးသွားမယ်။ ရေထွက်နည်းသွားမယ်ဆိုရင်တော့ ပြုန်းတီးနိုင်တာပေါ့။ အဲဒီသစ်တောတွေကို အစိုးရက တားမြစ်ပိတ်ပင်ပြီး ဝန်ထမ်းတစ်ဦးစ နှစ်ဦးစရှိပေမယ့် သူတို့ထက်စာရင် ကျွန်တော်တို့ဒေသခံတွေက ထိန်းသိမ်းထားလို့ အခုလိုမြင်ရတာ”ဟု ရိခေါဒါမြို့ ရိရေကန်ဘေးရှိ အမှတ် (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးလာလ်ချန့်လျန်နာက ပြောဆိုသည်။ 

ဒေသခံများ၏ မိရိုးဖလာလယ်လုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်း၊ ရေချိုးခြင်းတို့ကို အစိုးရက တားမြစ်ပိတ်ပင်သည့်အပေါ် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က တားမြစ်ချက်များရုပ်သိမ်းပေးရန် ဦးထန်ခူးမာကဲ့သို့သော ရိရေအိုင်ဘေးနေ ချင်းတိုင်းရင်းသားတို့က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ 

“ရေချိုးတာ၊ ငါးဖမ်းတာ မလုပ်ရတော့ဘူးဆိုတာက လွတ်လပ်စွာ မိရိုးဖလာနေထိုင်လာမှုကို ပိတ်ပင်တားဆီးသလို ခံစားရတယ်။ လယ်ယာမြေမလုပ်ကိုင်ရတော့ဘူး၊ လယ်ယာတွေကို အစားထိုးပေးအပ်မယ်ဆိုတာကြောင့် လူထုမှာ ကျီးလန့်စာစားနေရသလို ကြောက်ရွံ့နေကြတယ်” ဟု ရိရေအိုင်ဘေးနေထိုင်သည့် ဒေသခံ ဒေါ်လိုင်းထန်ဆန်းက ဆိုသည်။ 

အဆိုပါရေအိုင်အနီးရှိ လယ်ယာလုပ်ငန်းများကြောင့် ရေကန်တိမ်ကောမှုမရှိစေရန် လယ်သမားများကို လယ်ယာမြေ အစားထိုးပြန်ပေး၍ အခြားဒေသသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာအစိုးရဌာနများ က စီစဉ်နေခြင်းအပေါ် ဒေသခံများက ၎င်းတို့လယ်ယာ ဆုံးရှုံးမည့်အရေး စိုးရိမ်နေကြခြင်းလည်းဖြစ်သည်။

ကန်အတွင်း ရေချိုးခြင်း၊ ငါးဖမ်းခြင်းနှင့် စက်လှေမောင်းခြင်းတို့ကို တားမြစ်ခဲ့ခြင်းသည် ရိရေကန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်သာဖြစ်ပြီး လယ်ယာထွန်ယက်စိုက်ပျိုးမှုကိုမူ တားမြစ်ခြင်းမရှိဘဲ လယ်ယာစိုက်ပျိုးမှုတွင် ပိုးသတ်ဆေး အသုံးပြုခြင်း၊ လယ်ယာမြေ ချဲ့ထွင်ခြင်းမပြုရေး စသည့် အသိပညာပေး လုပ်ငန်းများကိုသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်နယ် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ 

ရိရေအိုင် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် မပျက်စီးစေရန် ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုသည် အဓိက လိုအပ်ပြီး အစိုးရအနေနှင့် တားမြစ်မှုများ လုပ်သင့်သော်လည်း မိရိုးဖလာ လုပ်ကိုင်နေသည့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အစားထိုး စီစဉ်ပေးရန်လည်းလိုအပ်ကြောင်း ချင်းတောင် သဘာဝ သယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ ကိုတွောင်က သုံးသပ်ပြောဆိုသည်။

“တစ်ဖက်မှာ တားမြစ်သလို တစ်ဖက်မှာလည်း အစားထိုးမှုတစ်ခုခု လုပ်ပေးမှဖြစ်မှာ။ မဟုတ်ရင်တော့ ပြဿနာဖြစ်အောင် မွှေနှောက်သလို ဖြစ်သွားမယ်”ဟု ၎င်းကဆိုသည်။

ရိရေကန်အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ရိရေအိုင်သို့ တီးတိန်မြို့မှသော်လည်းကောင်း၊ ဖလမ်းမြို့မှသော်လည်းကောင်း လာသည့်လမ်းများကို ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ ရိရေကန်ဘေးနေသူများ လျှပ်စစ်မီး လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် သောက်သုံးရေ လုံလောက်စွာ အသုံးပြုနိုင်ရေး စသည့် အခက်အခဲများကို ကနဦး ဖြေရှင်းပေးပြီးမှသာလျှင် ရိရေကန်အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်ရေး ဆောင်ရွက်သင့်ကြောင်း၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဦးစွာ ဖန်တီးမပေးဘဲ ဒေသခံများ၏အကျိုး ထိခိုက်နစ်နာစေသော လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပါက ဆက်လက် ကန့်ကွက်မည်ဖြစ်ကြောင်း ယင်းဒေသခံ တိုင်းရင်းသားများက ပြောကြားသည်။

“ဒီလယ်တွေမှာ ဘာမြေဩဇာမှမသုံးဘဲစိုက်တာ တစ်ဧကကို တင်းတစ်ရာလောက် ထွက်တယ်။ ဒီအနီးအနားမှာလည်း စိုက်ပျိုးလို့ရတဲ့ လယ်ယာမြေဆိုတာ ဒီရိရေကန်ဘေးမှာပဲ ရှိတာ။ ဒါကို တားမြစ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာ”ဟု ဦးထန်ခူးမာက ပြောဆိုသည်။

ငြိမ်းသူမင်း



FOLLOW US