News

POST TAGGED AS

ခရီးသည်တင်

ပုသိမ်-ရန်ကုန် ခရီးသည်တင်ကားအများစု သင်္ကြန်တွင်း ပိတ်မည်
ပုသိမ်၊ မတ်၂၆

ဧရာဝတီတိုင်း ပုသိမ်မြို့မှ ရန်ကုန်မြို့အပါအဝင် တိုင်းပြင်ပသို့ ပြေးဆွဲနေသော ခရီးသည်တင် ကားလိုင်းများအများစုမှာ သင်္ကြန်ရက်များတွင် ပြေးဆွဲမှု ရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရသည်။

“ကျွန်တော်တို့ လိုင်းကတော့ အကျနေ့ကစပြီး ၃ ရက်နားမယ်၊ နှစ်ဆန်းတစ်ရက်နေ့ကို ပုံမှန်အတိုင်း ပြန်ထွက်ပေးမယ်၊ ဘွတ်ကင် (ကြိုတင်လက်မှတ်မှာယူခြင်း) လက်မခံပါဘူး”ဟု ပုသိမ်-ရန်ကုန် နေလဝင်း မှန်လုံယာဉ်လိုင်းတာဝန်ခံ ဦးငယ်လေးက ပြောသည်။

“သူတို့ဂိတ်တွေက သင်္ကြန်ရက်ကို မထွက်တော့တာရှိမယ်၊ ကားအစီးရေလျှော့ ထွက်မှာရှိတယ်၊ သေသေချာချာသိရအောင်တော့ ဒီလကုန်မှာ အစည်းအဝေးခေါ်ထားပါတယ်၊ နောက်ပြီး ယာဉ်တွေ အဆင်မပြေရင် ရန်ကုန်တိုင်းက YBS ယာဉ်တွေ ဆင်းပြီးဆွဲပေးမယ်လို့လည်း သိရတယ်”ဟု ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးအောင်ဆွေက ရှင်းပြသည်။

ပုသိမ်မြို့မှ ထွက်ခွာပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအများစုမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင် အစရှိသည့် တိုင်းပြင်ပမြို့များကို ပြေးဆွဲနေသည့်အပြင် တိုင်းအတွင်းရှိ မြို့များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများလည်းရှိကြောင်း ၎င်းထံမှသိရသည်။

ယာဉ်လိုင်းများသည် သင်္ကြန်ရက်များအတွင်း မော်တော်ယာဉ်များ မထွက်ခြင်း၊ အစီးရေလျှော့၍ ထွက်ခြင်း၊ လက်မှတ်ခ ဈေးတက်ခြင်း၊ တိုင်းပြင်ပသို့ ထွက်ခွာသော ယာဉ်လိုင်းများသို့ လက်မှတ်များ ကြိုတင်မှာယူထားပြီး ဈေးတင်ကာတစ်ဆင့်ရောင်းခြင်း၊ သတ်မှတ်ဈေးအတိုင်း မရောင်းခြင်းတို့ရှိသဖြင့် ယာဉ်လိုင်းများကို ယခုလကုန်တွင် အစည်းအဝေးခေါ်ကာ တိုင်းအစိုးရ ညွှန်ကြားချက်များကို ပြောကြားထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။  

R-11



FOLLOW US