News

POST TAGGED AS

ခရီးသည်တင်

အမ်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၍ ငါးဦးသေဆုံး


စစ်တွေ၊ မတ် ၅ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မအီကြားတွင် မတ် ၄ ရက်နေ့ ည ၁၀ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ခြင်းကြောင့် ခရီးသည် ငါးဦးသေဆုံးပြီး ၁၁ ဦးသည် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း အမ်းမြို့နယ် ပြည်သူ့ဆေးရုံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူငါးဦးမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးတို့ဖြစ်ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးခြောက်ဦးတို့မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည့်အပြင်၊ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၉ ဦးတို့သည်လည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာတင်အောင်ဝင်းက ပြောကြားသည်။

“အဲဒီငါးဦးက အခင်းဖြစ်တဲ့နေရာမှာသေတာ အတွင်းလူနာတွေမှာလည်း လူလတ်ပိုင်းတွေများတယ်။ ပထမတော့ အတွင်းလူနာ နှစ်ယောက် စိုးရိမ်ရတာ အခုတော့ စိုးရိမ်စရာမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။ 

အဆိုပါတိမ်းမှောက်သည့် ကားမှာ ရခိုင်အားမာန် ခရီးသည်တင်ယာဉ်ဖြစ်ပြီး သံတွဲမြို့နယ်-တောင်ကုတ်မြို့နယ်-အမ်းမြို့နယ်နှင့် စစ်တွေမြို့နယ်များသို့ ပြေးဆွဲခြင်းဖြစ်ကြောင်း၊ ကားပေါ်တွင် ခရီးသည် ၃၀ ကျော်နှင့်အတူ ကုန်ပစ္စည်းအပြည့်ဖြင့် သံတွဲမြို့မှစစ်တွေမြို့သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ စခန်းမှူးကျော်ဝင်းထံမှ သိရသည်။

ယင်းသို့ မောင်းနှင်လာစဉ် အမ်းမြို့နယ်နှင့် ၆ မိုင် ၁ ဖာလုံ အကွာ၌ရှိသော တောင်ကုန်းပေါ်သို့တက်ရာ မတက်နိုင်၍ နောက်သို့လိမ့်ဆင်းကာ ပေ ၆၀၀ ကျော်ခန့်ရှိသော ချောက်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သေးဆုံးသွားသူများ၏ နာမည်၊ နေရပ်များကို မသိရှိသေးရသေးကြောင်း စခန်းမှူးကျော်ဝင်းက ပြောဆိုသည်။

“ယာဉ်မောင်းတော့ သေလား ရှင်လားတော့ မသိရသေးဘူး။ ကားကို အပေါ်သို့တင်ပြီးမှ စစ်ဆေးရဦးမယ်”ဟု ၄င်းက ဆိုသည်။

R-22



FOLLOW US