News

POST TAGGED AS

ခရီးသည်တင်

08-Jan-2018

ခရီးသည်တင် YBS
ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ကျပ် ၉ ဘီလီယံကျော် အရှုံးပေါ်

ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်မြို့တော်၏ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း (YBS) စနစ်တွင် ယာဉ်လိုင်း ၅ လိုင်း ပြေးဆွဲနေသည့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် ပါရမီမြို့တွင်း ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှာ ကိုးလအတွင်း ကျပ် ၉ ဘီလီယံကျော် အရှုံးပေါ်ခဲ့ကြောင်း ယင်းယာဉ်လိုင်းမှ ဒါရိုက်တာ ဦးမင်းနိုင်က ပြောကြားသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၏ ပါရမီမြို့တွင်း ခရီးသည်ပို့ဆောင်ရေးမှာ ယာဉ်အစီးရေ ၃၆၂ စီးထိ ပြေးဆွဲခွင့်ရရှိထားပြီး လက်ရှိ အဲယားကွန်းတပ်ဆင်ထားသည့် ယာဉ်အသစ် ၂၆၂ စီးဖြင့် YBS ယာဉ်လိုင်းအမှတ် ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ ယာဉ်လိုင်း ၅ လိုင်းကို ပြေးဆွဲနေလျက်ရှိပြီး ထပ်မံ၍ ယာဉ်အစီးရေ ၁၀၀ ဖြင့် ခရီးသည်များ သွားလာရန် အခက်အခဲဖြစ်နေသော ယာဉ်လမ်းကြောင်းများတွင် ယာဉ်လိုင်း ၂ လိုင်းကို မကြာမီ ပြေးဆွဲပေးမည်ဖြစ်သည်။

“၁၃ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားတာ။ လက်ရှိ ကိုးလအတွင်းမှာ ၉ ဘီလီယံကျော် အရှုံးပေါ်နေတယ်။ ကားအသစ်တွေ ဝယ်ယူရတယ်၊ ယာဉ်တွေ ပြင်ဆင်ရတယ် ဒါတွေကြောင့် လက်တလော အရှုံးပေါ်နေတာပါ။ YBS စနစ် အသားကျသွားပြီဆိုတာနဲ့ အမြတ်ငွေက တောက်လျှောက်ပြန်ဝင်လာမယ်လို့ မျှော်လင့်ထားတယ်”ဟု ဒါရိုက်တာ ဦးမင်းနိုင်က ပြောသည်။

လက်ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွင် အများပိုင်ကုမ္ပဏီ ၁၇ ခုထိ ပါဝင်နေပြီး ပါရမီယာဉ်လိုင်းမှာ ယာဉ်အစီးရေ အများဆုံးဖြင့် ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ဝန်ထမ်းအင်အား ၅၀၀ နီးပါးခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိသည်။

“ရင်းနှီးရတဲ့ ပမာဏကများပြီး return က နည်းနေတာ။ ကျပ်သိန်း တစ်ထောင်တန် ကားတစ်စီးက တစ်လမှ အသားတင် ပိုငွေနှစ်သိန်းလောက်ပဲ ရတယ်။ ဒီကြားထဲ ဝန်ထမ်းတွေရဲ့သာရေးနာရေး စရိတ်တွေ၊ လစာငွေတွေ၊ ရဲအမှုဒဏ်ကြေးတွေနဲ့ ရုံးသုံးပစ္စည်းတွေအပြင် အခြား ကုန်ကျစရိတ်တွေက ရှိသေးတယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယာဉ်လိုင်း ၅ လိုင်း ပြေးဆွဲနေသည့် ပါရမီခရီးသည် သယ်ယူပို့ဆောင်ရေးမှာ တစ်နေ့လျှင် ပျန်းမျှဝင်ငွေ အများဆုံး ကျပ်သိန်း ၂၀၀ မှ အနည်းဆုံး ကျပ်သိန်း ၁၅၀ အထိ ဝင်ငွေရှိနေသော်လည်း CNC ဝယ်ယူစရိတ်နှင့် ယာဉ်မောင်းတို့၏ မောင်းနှင်ခတို့ကို ပေးချေပြီးပါက ကုမ္ပဏီမှာ ဝင်ငွေ၏ သုံးပုံတစ်ပုံကိုသာ ရရှိကြောင်း ဦးမင်းနိုင်က ပြောသည်။

“တစ်နေ့ သိန်းနှစ်ရာဝင်တယ်ပဲ ဥပမာ ဆိုကြပါစို့၊ ယာဉ်မောင်းနဲ့ဆီခ နှုတ်လိုက်ရင် ကျွန်တော်တို့မှာ ပိုငွေ သိန်း ခုနှစ်ဆယ်လောက် ကျန်မယ်။ ဒါငွေထဲက စီမံစရိတ်တွေနဲ့ ယာဉ်ပြင်ခ၊ ဝန်ထမ်းလခ၊ သာရေးနာရေးနဲ့ အခြားကုန်ကျစရိတ်တွေကို သုံးရတယ်။ လိုရင် ထပ်စိုက်ရတယ်။ အရှုံးပေါ်နေပေမယ့် တပ်မတော်အကြီးအကဲတွေက ပြည်သူတွေ အဆင်ပြေ သွားလာနိုင်ဖို့အတွက် အရှုံးခံပြီး ဆက်လုပ်ဆောင်ပေးသွားဖို့ ညွှန်ကြားထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျောင်းသူ ကျောင်းသားများ သွားလာရေးအဆင်ပြေစေရန် ပါရမီယာဉ်လိုင်းမှ တက္ကသိုလ်ကျောင်းရှိရာများသို့ ယာဉ်များပြေးဆွဲနေသဖြင့် ရုံးပိတ်၊ ကျောင်းပိတ်ရက်များတွင် ယာဉ်လိုင်းမှ ရရှိသည့်ဝင်ငွေမှာ သိသိသာသာ လျော့နည်းပြီး ယာဉ်ပေါ်ရှိ ငွေပုံးထဲသို့ ခရီးသည်အချို့မှ ငွေစက္ကူအတု၊ ငွေစက္ကူ အပိုင်းအပြတ်များ ထည့်၍ ယာဉ်စီးနင်းမှုများ ရှိနေခြင်းကလည်း ယာဉ်လိုင်း အရှုံးပေါ်ရခြင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

S-03



FOLLOW US