News

POST TAGGED AS

ခရီးသည်တင်

အစိုးရရုံးပိတ်ရက်၌ အထူးရထား လေးစီး ထပ်တိုးပြေးဆွဲ

ရန်ကုန်၊ အောက်တိုဘာ ၃

အစိုးရရုံးပိတ်ရက်တွင် ခရီးသည်များ စီးနင်းမှု အဆင်ပြေစေရန် မြန်မာ့မီးရထားအနေနှင့် အောက်တိုဘာလ ၃ ရက်မှစ၍ အဝေးပြေး အထူးရထား လေးစီးဖြင့် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား၊ သွားလာရေးဌာနထံမှ သိရသည်။

“ပိတ်ရက်မှာ ခရီးသည်တွေအတွက် စီစဉ်တာပါ။ ဝန်ထမ်းတွေအတွက် သီးသန့် မဟုတ်ပါဘူး။ လက်မှတ်ဖြတ်သူတိုင်း စီးခွင့်ရှိတယ်”ဟု တိုင်း-၇ (သွားလာရေး ဌာန) အထွေထွေ မန်နေဂျာ ဦးဇော်လွင်က ဆိုသည်။

အောက်တိုဘာလ ၃ ရက်က နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲပေးခဲ့ပြီး အောက်တိုဘာလ ၄ ရက်တွင် ရန်ကုန်-မန္တလေးခရီးစဉ်၊ အောက်တိုဘာလ ၇ ရက်တွင် မန္တလေး-ရန်ကုန် ခရီးစဉ်နှင့် အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်တို့ကို အထူးရထားဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။

ပုံမှန် ပြေးဆွဲလျက်ရှိသော အမြန်ရထားများကို ခရီးသည် လိုအပ်ချက်အရ တွဲဆိုင်းများ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ဦးဇော်လွင်က ပြောကြားသည်။

လက်ရှိ အမြန်ရထား ၄၂ စီးရှိပြီး ရန်ကုန်-မန္တလေး၊ မော်လမြိုင်၊ ပြည်၊ နေပြည်တော်တို့ကို ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US