News

POST TAGGED AS

ခရီးစဉ်

29-May-2018

ရထား ခရီးစဉ်
ရထားလမ်းချော်မှုကြောင့် နေပြည်တော်-ပြည်နှင့် ရန်ကုန်-ပုဂံ ရထားခရီးစဉ်နှစ်ခု ရပ်ဆိုင်း


ရန်ကုန်၊ မေ ၂၈

နေပြည်တော်-ပြည် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၁၀၉ အဆန်ရထား လမ်းချော်မှုကြောင့် မေလ ၂၈ ရက်တွင် နေပြည်တော်-ပြည်နှင့် ရန်ကုန်-ပုဂံရထားခရီးစဉ်နှစ်ခု ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့မီးရထား (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်-ပြည် အဆန်ရထားသည် မကွေးတိုင်းရှိ လှေဝန်းဘူတာနှင့်ကိုးပင် ဘူတာကြား လမ်းချော်ခဲ့၍ ယင်းနေ့မွန်းလွဲပိုင်းနှင့် မေလ ၂၈ ရက်တို့တွင် နေပြည်တော်-ပြည် ၁၀၉/၁၁၀ အစုန်၊ အဆန် ရထားနှင့် ရန်ကုန်-ပုဂံ ပြေးဆွဲသည့် အမှတ် ၆၁ အဆန်ရထားနှင့် အမှတ် ၆၂ အစုန်ရထားတို့ ရပ်နားထားခြင်းဖြစ်သည်။

“ရထားတွဲကို ဒီနေ့မနက် ၉ နာရီခွဲကတည်းက လမ်းပြန်ပွင့်အောင် လုပ်နေတယ်။ အခု မွန်းလွဲ ၃ နာရီကျော်တဲ့အထိ လုပ်ငန်းဆောင်ရွက်နေဆဲပါ။ ညနေတော့ ပြီးနိုင်မယ်လို့ ခန့်မှန်းထားတယ်”ဟု မြန်မာ့မီးရထား (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရထားလမ်းချော်ခဲ့သော အမှတ် ၁၀၉ အဆန်ရထားပေါ် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း၊ ကြားဘူတာများတွင် ဆင်းသည့်ခရီးသည်များရှိ၍ စီးနင်းသည့် ခရီးသည်စာရင်း အတိအကျမသိကြောင်း မြန်မာ့မီးရထား (သွားလာပို့ဆောင်ရေးဌာန) မှ တာဝန်ရှိသူက ပြောကြားသည်။

ရထားလမ်းချော်သည့် အမှတ် ၁၀၉ အဆန်ရထားကို တောင်တွင်းကြီးမှ ကရိန်းရထားတစ်စင်းနှင့် ပျဉ်းမနားမှ ကရိန်းရထားတစ်စင်း စုစုပေါင်း ကရိန်းရထားနှစ်စင်းဖြင့် မ,တင်နေပြီး ခရီးသည် စီးနင်းမှုအဆင်ပြေစေရန် လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US