News

POST TAGGED AS

ခရီးစဉ်

စစ်ကိုင်းတိုင်းရှိ လင်းနို့ဂူကို ခရီးစဉ်ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်မည်
ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဘာဝလင်းနို့ဂူကို ပြည်တွင်းပြည်ပ ဧည့်သည်များအား ခရီးစဉ်ဒေသ ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လင်းနို့ဂူသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးရှိ အရှေ့ဘက် ငါးမိုင်ခန့် အကွာတွင်တည်ရှိပြီး၊ လက်ရှိတွင် လင်းနို့ဂူပြခန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“လင်းနို့ဂူက စစ်ကိုင်းမှာခရီးသွား ဆိုဒ်တွေနဲ့လမ်းကြောင်းသင့်တော့ ပြည်တွင်းပြည်ပလည်ပတ်ပြီး အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့အထိကို ရည်ရွယ်ထားတယ်”ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူက ဆိုသည်။

လင်းနို့ဂူတွင် ခရီးသည်များ နားနေနိုင်ရန်နှင့် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး ဧပြီလအတွင်းဖွင့်လှစ်နိုင် ရန်စီစဉ်ထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီ အဖွဲ့ဝင် ဦးသန်းဌေးထံက သိရသည်။

လင်းနို့ဂူပြခန်းတွင် သစ်တောထွက်ပစ္စည်းများ၊ တောရိုင်းတိရစ္ဆာန်များ၏ ဦးချိုများနှင့် အရိုးစုများအပါအဝင် သဘာဝသစ်ပင်ပန်းမန်များကိုလည်း ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီထံမှ သိရသည်။

လင်းနို့ဂူသည် ပြည်တွင်းပြည်ပ ဧည့်သည်များအနေနှင့် ညနေခင်းအချိန်တွင် သဘာဝအတိုင်း လင်းနို့များထွက်ခွာခြင်းကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပြီး ယင်းဂူမှတစ်ဆင့် ဇလုံတောင်၊ ချပ်သင်းဘေးမဲ့တော၊ အင်းတော်လေးဒေသ စသည်တို့ကို လေ့လာနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီထံမှ သိရသည်။

 “စစ်ကိုင်းဒေသက ဒီနှစ်ထဲမှာ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားမှုများလာတဲ့ ဒေသတစ်ခုပါ၊ သွားတာလည်း မြင့်တက်လာတယ်”ဟု ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း လည်ပတ်နိုင်သည့် ခရီးသွားဇုန် ခြောက်ခုသတ်မှတ်၍ ခရီးစဉ်ငါးခုကိုရေးဆွဲကာ ခရီးသွားဝင်ရောက်မှု မြင့်တက်ရန် ဆောင်ရွက်ထားကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
 
J-14



FOLLOW US