News

POST TAGGED AS

ခရီးစဉ်

26-Nov-2017

ခရီးစဉ်
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၏ ခရီးစဉ် ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း အမှတ် (၃) ရဲဒေသမှူး၊ ရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

“လုံခြုံရေးအဆင့် အမြင့်ဆုံး စီစဉ်ထားပါတယ်။ ဆုတောင်းပွဲ ပြုလုပ်မယ့်နေရာမှာတော့ ရဲတပ်ဖွဲ့အပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ လာရောက် ကွပ်ကဲပေးမယ်။ လုံးဝ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက်ထားတယ်”ဟု ၎င်းကဆိုသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် လာရောက်မည့် နိုဝင်ဘာလ ၂၈ ရက်တွင် စိန့်မေရီ ဘုရားကျောင်း၌ ရဲတပ်ဖွဲ့အင်အား ၁၀ဝ၀ ဝန်းကျင်အထိ လုံခြုံရေးအဆင့် မြှင့်တင်၍ အထပ်ထပ် ကွပ်ကဲဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံ သုံးရက်တာ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အကြီးဆုံး စိန့်မေရီ ဘုရားကျောင်းသို့ လာရောက်ရန် စီစဉ်ထားခြင်းကြောင့် ဘုရားကျောင်း ပရဝုဏ်၏ အတွင်း၊ အပြင် လုံခြုံရေးစနစ်ကို အတင်းကျပ်ဆုံး ကွပ်ကဲမည်ဖြစ်ပြီး ၎င်းသွားမည့် ခရီးစဉ်တစ်လျှောက်တွင်လည်း လုံခြုံရေးစည်း တစ်စုံတစ်ရာ ကျိုးပေါက်မှု မရှိရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းမှစ၍ စိန့်မေရီ ဘုရားကျောင်းနှင့် ဆက်စပ်သော ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းတစ်ဝိုက်ကို ယာယီ ပိတ်ထားမည်ဖြစ်ပြီး သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းသွယ်တို့ကိုမူ တစ်ရက်လုံး ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ဆက်လက်သိရသည်။

“ယာဉ်လမ်းကြောင်းတွေ အချိန်ပိုင်း ပိတ်ဆို့ထားမယ့်လမ်းတွေ ရှိသလို လုံးဝ ပိတ်ထားမယ့်နေရာတွေလည်း ပါတယ်။ စိန့်မေရီကျောင်းနဲ့ ကပ်နေတဲ့ စိန့်ပေါလ်ကျောင်း ဧရိယာအထိပါ လုံခြုံရေး စိုးမိုးမှုရှိအောင် လုပ်မှာပါ”ဟု စိန့်မေရီ ဘုရားကျောင်းတွင် ကြိုတင်လုံခြုံရေး ရယူဆောင်ရွက်နေသော ရဲအရာရှိတစ်ဦးက ဆိုသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသော အကြီးအကဲများအပြင် မြန်မာနိုင်ငံ ခရစ်ယာန် ဘာသာဝင် အားလုံးနှင့် တွေ့ဆုံကာ ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ 

J-17

  • VIA


FOLLOW US