News

POST TAGGED AS

ကျုံး

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင်မဏ္ဍပ်ကြီး ၂၄ ခု ချထားပေးမည်
မန္တလေး၊ မတ် ၁

မန္တလေးသင်္ကြန်ပွဲတော် ကျုံးပတ်လည်တွင် မဏ္ဍပ်ကြီး ၂၄ ခု ဆောက်လုပ် ခွင့်ပြုမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“သတင်းစာထဲကနေ မဏ္ဍပ်ဆောက်လိုတဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်။ အိတ်ဖွင့်လေလံစနစ်နဲ့ ချထားပေးဖို့ လုပ်ထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ပေ ၁၀၀ x ၂၅ ပေရှိသည့် မဏ္ဍပ်ကြီးများကို ကျုံးအရှေ့ဘက် ၆၆ လမ်း (၁၂ လမ်း မှ ၁၉ လမ်း) အထိ ငါးနေရာ၊ ကျုံးအနောက်ဘက် လမ်း ၈၀ (၁၉ လမ်း မှ ၂၆ လမ်း) အထိ မဏ္ဍပ်ကြီးကိုးခုနှင့် ကျုံးမြောက်ဘက် ၁၂ လမ်း (၆၆ လမ်း မှ လမ်း ၈၀) အထိ မဏ္ဍပ်ကြီး ၁၀ ခု ချထားပေးမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

ကျုံးတောင်ဘက် ၂၆ လမ်းပေါ်တွင်ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်၌ ပေ ၃၀ x ၁၂ ပေရှိမည့် ရေကစားမဏ္ဍပ် ၅၁ နေရာ၊ ပေ ၂၀ x ၁၂ ပေ ရေကစားမဏ္ဍပ် ၁၅ နေရာနှင့် ၁၀ ပေ x ၁၂ ပေ ရေကစား မဏ္ဍပ် ၁၉ နေရာ ချထားပေးမည်ဟု ဖော်ပြထားသည်။

မဏ္ဍပ်ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များအနေနှင့် ဧပြီလ ၅ ရက် နေ့မှ ၁၄ ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်းလည်း ဖော်ပြထားသည်။ 

၂၀၁၇ ခုနှစ်က မန္တလေးသင်္ကြန်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ထည့်သွင်းကျင်းပခဲ့၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ကို လူကြိုက်များခဲ့ရာ ယခုနှစ်တွင်လည်း နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်သည့်အနေနှင့် တောသင်္ကြန်ညဈေးဟူသော ခေါင်းစဉ်ဖြင့် ညဈေးတန်းတစ်ခု ထည့်သွင်းရန် မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ထားသည်။

အဆိုပါတောသင်္ကြန်ညဈေးကို ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်၊ ၁၉ လမ်း နှင့် ၂၄ လမ်းကြားနေရာတွင် ပြုလုပ်မည်ဖြစ်ကာ ညဈေးတွင် မြန်မာ့ရိုးရာအစားအစာများ ရောင်းချခြင်း၊ မြန်မာ့ရိုးရာ ရုပ်သေးပွဲများအပြင် သင်္ကြန်နှင့်သက်ဆိုင်သော ရုပ်ရှင်ကားများကို ရှေးယခင်ကဲ့သို့ ပိတ်ကားရုပ်ရှင်ပြသမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

M-04



FOLLOW US