News

POST TAGGED AS

ကျုံး

သက်တမ်း ၅၀၀ ကျော်ရှိ တောင်ငူကျုံးဟောင်းများကို ကျပ် ၅ ဘီလီယံသုံး၍ ပြင်မည်


တောင်ငူ၊ ဖေဖော်ဝါရီ ၂၆

နှစ်သက်တမ်း ၅၀၀ ကျော်ရှိသော တောင်ငူခေတ် ကေတုမတီနန်းတော်ရာဟောင်း၏ အပြင်ဘက်ရှိ ကျုံးဟောင်း ၉ ခုကို ပဲခူးတိုင်းအစိုးရဘတ်ဂျက် ကျပ် ၅ ဘီလီယံအသုံးပြု၍ ပြန်လည်ပြုပြင် ထိန်းသိမ်းမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့က ဒီကျုံးဟောင်း ၉ ခုကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဖို့ကို Proposal တင်ခိုင်းလို့ အခုလက်ရှိမှာ ရှေးသုနဲ့စည်ပင်သာယာရေးအဖွဲ့ရယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းတိုင်ပင်ပြီး ခန့်မှန်းကုန်ကျစရိတ် ၅ ဘီလီယံ တင်ပြထားတယ်။ ရလာတဲ့ငွေကြေးပေါ်မှာ မူတည်ပြီး လိုအပ်သလို ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် တောင်ငူမြို့ ရပ်ကွက်များတွင်ရောက်ရှိနေသည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံအချို့နှင့် ကျုံးဟောင်းများ၊ မြို့ရိုးတံခါးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ) တို့ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆိုပါ ကျုံးဟောင်း ၉ ခုနှင့် တောင်ငူမြို့ရိုးဟောင်း နေရာများကို ပြန်လည်တူးဖော်ပြီး ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက မြို့ပေါ်ရပ်ကွက် ၂၃ ခုမှ ပြည်သူလူထု၏ သဘောဆန္ဒကို ကောက်ခံခဲ့သော်လည်း အကောင်အထည်မဖော်ခဲ့သည့်အတွက် ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်မှုကို ကြိုဆိုကြောင်း တောင်ငူဒေသခံများက ပြောကြားသည်။

“မြို့ခံတွေရဲ့ သဘောထားကောက်ခံတုန်းက မြို့ရိုးနဲ့ ကျုံးနားက ကျူးကျော်တွေကို ဖျက်သိမ်းမယ်ဆိုပြီး ကောလာဟလ ထွက်ခဲ့သေးတယ်။ အခုအနေအထားမှာလည်း ကျူးကျော်နေထိုင်သူအချို့ကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ချပြဖို့တော့ လိုအပ်မယ်”ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျုံးဟောင်း ၉ ခုကို မြန်မာ သက္ကရာဇ် ၈၇၂ တန်ဆောင်မုန်းလပြည့်နေ့တွင် ပန္နက်တင်ပြီး လောကီအစီအရင်များဖြင့် တောင်ငူဘုရင် မင်းကြီးညို တည်ထောင်ခဲ့သည့် တောင်ငူ (ကေတုမတီ) မြို့ဟောင်း ပတ်ပတ်လည်၌ ၁၁၈ ဒသမ ၆ ဧကခန့်ဖြင့် ဆောက်လုပ်ခဲ့ပြီး လတ်တလောအရှေ့ဘက်နှင့် တောင်ဘက်ရှိ ကျုံးဟောင်းများကို ပြန်လည်တူးဖော်ကာ ဝန်ထမ်းသက်သာ ရန်ပုံငွေအဖြစ် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုထားသည်။

R-15



FOLLOW US