News

POST TAGGED AS

ကျုံး

အလယ်တန်းကျောင်းအုပ်ကို ဆိုင်ကယ်ခိုးမှုဖြင့် အမှုဖွင့်
တောင်ငူ၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း ဝေါမြို့နယ် သူဌေးကုန်းကျေးရွာ အလယ်တန်း ကျောင်းအုပ်ဆရာမတစ်ဦးကို ဆိုင်ကယ်ခိုးယူမှု လိမ်လည်မှုများဖြင့် ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ပဲခူးမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

“ဆရာမက ငွေကြေးပြဿနာတွေလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ နောက်တစ်ချက်က အမှုဖွင့်ခံရတဲ့ ကျောင်းအုပ်က ဌာနနဲ့လည်း ကင်းကွာနေတာ ကြာပါပြီ။ လက်ရှိမှာ စစ်ဆေးနေဆဲပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ကျောင်းအုပ် ဒေါ်သော်တာဝင်း (၃၆နှစ်) မှာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းက ပဲခူးမြို့ မဟာစေတီအနီးတွင် ပဲခူးတက္ကသိုလ်ကျောင်းသားတစ်ဦး မောင်းလာပြီး ၉ တန်းကျောင်းသားလိုက်ပါလာသော ဆိုင်ကယ်ကို ၎င်းမှာ ကျောင်းဆရာမဖြစ်ကြောင်းပြောကာ လမ်းကြုံလိုက်ခဲ့ကြောင်း၊ ယင်းနောက်မြို့တွင်းလမ်း တစ်ခု၏ ဈေးဆိုင်တွင် ဆိုင်ကယ်ရပ်ကာ ဈေးဝယ်စဉ် ဆိုင်ကယ်ကို ခိုးယူမောင်းပြေးခဲ့ကြောင်း အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။ 

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်က အမှတ် (၂) နယ်မြေ ရဲစခန်းအနီးတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းလာသော ဆိုင်ကယ်ကိုတားကာ အမှတ် (၂) ရဲစခန်းသို့ မောင်းနှင်ခိုင်းပြီးနောက် ဆိုင်ကယ်ကို မောင်းကာ ယူဆောင်သွားသည်ကို သိရကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်က ပဲခူးမြို့ရှိ ကညနရုံးအနီး စားသောက်ဆိုင်တစ်ဆိုင်တွင် ဖမ်းမိခဲ့ကြောင်း၊ အဆိုပါကျောင်းအုပ်ဆရာမကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ ၊ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပညာရေးဝန်ထမ်းတစ်ဦးက ရာဇဝတ်မှုကျူးလွန်သည်ဟုဆိုပြီး အမှုဖွင့်ဖမ်းဆီးခံရပါက ပညာရေးဝန်ကြီးဌာနမှလည်း အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

R-15



FOLLOW US