News

POST TAGGED AS

ကျူးကျော်များ

ပုသိမ်တက္ကသိုလ် ပထမအကြိမ် ကျောင်းသားလွှတ်တော် ကျင်းပ
ပုသိမ်၊ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်တွင် ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ဩဂုတ်လ ၂ ရက်နေ့ နံနက်က ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ပုသိမ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က ဦးဆောင်ကာ ဩဂုတ်လ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့များ၊ အစိုးရအဖွဲ့တို့နှင့် ကျောင်းသားအရေးကိစ္စများကို ဖော်ဆောင်ရာ၌ ကျောင်းသားလွှတ်တော်မှ အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသားလွှတ်တော်ကို ခေါ်ယူရခြင်းဖြစ်ကြောင်း ပုသိမ်တက္ကသိုလ် ပထမအကြိမ် ကျောင်းသားလွှတ်တော်ဥက္ကဋ္ဌ အဏ္ဏဝါ သိပ္ပံ တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား ကိုထူးထက်နောင်က ပြောကြားသည်။

“နောက်လာမယ့် ဒုတိယအကြိမ် တတိယအကြိမ်စတဲ့ အကြိမ်များကျရင်တော့ ကျောင်းသားလွှတ်တော်ကျင်းပရေးဆိုင်ရာ ကော်မရှင်ကနေ တာဝန်ယူ ကျင်းပသွားမှာပါ။ နောင်မှာ နိုင်ငံရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာမှာဖြစ်တဲ့ ကျောင်းသားတွေအနေနဲ့ လွှတ်တော်ရဲ့ သဘောတရားတွေကို ရရှိသွားမှာပါ။ ကျောင်းသားတွေအနေနဲ့ ကိုယ့်ကျောင်းနဲ့ ကျောင်းသားအရေးအတွက် တက်တက်ကြွကြွ ပါဝင်စေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဩဂုတ်လ၂ ရက်နေ့တွင် ပုသိမ်တက္ကသိုလ် ပထမအကြိမ် ကျောင်းသားလွှတ်တော်ဖွင့်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့ပြီး ပုသိမ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင်အဖွဲ့အသစ်၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တက်ရောက်လာသော မေဂျာအလိုက် အတန်းအလိုက် အဆောင်အလိုက် ကျောင်းသားကိုယ်စားလှယ်များနှင့် ကျောင်းသားတိုင်းရင်းသား ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့သည်။

“ဒီလွှတ်တော်က သမိုင်းမှာ အရေး ပါပါတယ်။ ကျောင်းသားနဲ့ နိုင်ငံရေးက ဒွန်တွဲနေတယ်။ ကျောင်းသားဟာ နိုင်ငံရေး ပတ်သက်ရမှာဖြစ်တယ်။ အဲဒါမှ ကျောင်းပြီးတဲ့အခါ နိုင်ငံရဲ့အရေးကိစ္စတွေ နိုင်ငံတိုးတက်ဖို့ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ၂၀၁၄ -၂၀၁၅ မှာ ကျောင်းသားကိုယ်စားလှယ်ဆိုတာက ကျောင်းသားထုကို သွေးခွဲနေတာဖြစ်တယ်။ ကျောင်းသားလွှတ်တော်သည် ကျောင်းသားသမဂ္ဂဖြစ်ပြီး၊ ကျောင်းသားသမဂ္ဂသည် ကျောင်းသားလွှတ်တော်ဖြစ်ဖို့ ဆက်ကြိုးစားကြရမှာဖြစ်တယ်”ဟု ပုသိမ်တက္ကသိုလ် ဆရာ/ဆရာမများ သမဂ္ဂ အလုပ်အမှုဆောင် သမိုင်းကထိက ဆရာဦးသန်းထိုက်အောင်က သုံးသပ်ပြောဆိုသည်။

ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရနှင့် ပုသိမ်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တို့က ခွင့်ပြုခဲ့ပြီး ပုသိမ် တက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂက ပါဝင်ကူညီပေးခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဖြိုးအာကာ (ဥပဒေ တတိယနှစ်)၊ ဒုဥက္ကဋ္ဌ ကိုအောင်မျိုးသူ (ရူပဗေဒ တတိယနှစ်)၊ အထွေထွေအတွင်းရေးမှူး ကိုစူပါမောင် (ဇီဝဗေဒ ဒုတိယနှစ်) ကျောင်းသားတို့က ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး ကျောင်းသားလွှတ်တော် အစည်းအဝေးကို ဆက်လက်ကျင်းပကာ တက်ရောက်လာသည့် ကျောင်းသားကိုယ်စားလှယ်များက အဆိုတင်သွင်းကာ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲသွားမည်ဖြစ်သည်။

R-12



FOLLOW US