News

POST TAGGED AS

ကျူးကျော်များ

စည်ပင်က လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်ဆိုင်ခန်းများကို ရှင်း
ရန်ကုန်၊ ဇူလိုင် ၁၄ 

လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမ ကြီးလမ်းဘေး (ဝဲယာ) နှင့် နဝဒေးလမ်းမကြီးမှ ထိန်ပင်လမ်းဘေးကြီးဘေးရှိ စည်းကမ်းမဲ့အဖီများနှင့် ပစ္စည်းများပုံထားသည့် စည်းကမ်းမဲ့လမ်းဘေးကျူးကျော်ဆိုင်ခန်း တစ်ရာကျော်ကို ဇူလိုင်လ ၁၃ ရက်မှ စတင်ရှင်းလင်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လှိုင်သာယာမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

လှိုင်သာယာမြို့နယ်ရှိ လမ်းမကြီး လမ်းဘေး (ဝဲယာ) သာယာလှပရေးအတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ ၁၃ ရက်တွင် ပုသိမ်လမ်းမကြီးလမ်းဘေး (ဝဲယာ) မှ နဝဒေးအိမ်ရာဝင်ပေါက်ရှေ့ရှိ စည်းကမ်းမဲ့အဖီများနှင့် ပစ္စည်းများပုံထားသည့် ဆိုင်ခန်း ၈၀ ခန့်ကို ရှင်းလင်းခဲ့ပြီး ဇူလိုင်လ ၁၄ ရက်တွင် နဝဒေးအိမ်ရာမှ ထိန်ပင်နားအထိ ဆိုင်ခန်းများကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီခန့်မှ စတင်ရှင်းတယ်။ ကျူးကျော်အိမ်တွေ မဟုတ်ပါဘူး။ စည်းကမ်းမဲ့အဖီအဆွယ် ဈေးဆိုင်တွေကို ရှင်းလင်းတာပါ။ အရေးယူတာတော့ မလုပ်ဘူး။ လူနေတာ မဟုတ်ဘူး။ ဈေးရောင်းတာဆိုတော့ နေရာပြန်ပေးဖို့တော့ မရှိဘူး။ ဇူလိုင် ၁၄ ရက်နေ့မှာလည်း ဆိုင်ခန်း ၈၀ လောက် ထပ်မံရှင်းရမယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ စည်းကမ်းမဲ့ အဖီများနှင့်ပစ္စည်းများ ပုံထားသည့် စည်းကမ်းမဲ့လမ်းဘေးကျူးကျော်ဆိုင်ခန်းများကို ရှင်းလင်းရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်း ၁၄၀ ဦး၊ မြောက်ပိုင်းခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၇ ရုံးမှ ဝန်ထမ်းအင်အား ၁၀၀၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၇ ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ၇ ဦးတို့ဖြင့် ရှင်းလင်းလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လမ်းမကြီးများ လမ်းဘေး (ဝဲယာ) ရှိ စည်းကမ်းမဲ့ဈေးဆိုင်ခန်းများ ဖျက်သိမ်းခြင်းကို စည်ပင်သာယာရေးကော်မတီမှ ယခုရက်ပိုင်းအတွင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြောက်ပိုင်းခရိုင်ရှိ အခြားမြို့နယ်များတွင်လည်း စည်းကမ်းမဲ့ဆိုင်ခန်းများနှင့် လမ်းဘေးဈေးသည် ရှင်းလင်းရေးလုပ်ငန်းများကို အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“လှိုင်သာယာလမ်းမကြီးဘေးက အဖီအဆွယ်ဆိုင်ခန်းတွေကို စည်ပင်က အခုလိုရှင်းပေးတဲ့အတွက် လမ်းဘေးတွေ သာယာလှပသွားတယ်။ မြင်ကွင်းတွေ ရှင်းလင်းသွားတယ်။ လမ်းလျှောက်တဲ့အခါ အချို့ဈေးဆိုင်ခန်းကလူတွေက စနောက်တဲ့ရန်တွေကလည်း ကင်းဝေးသွားတဲ့အတွက် ဝမ်းသာပါတယ်”ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ မလဝန်းက ဆိုသည်။

ရန်ကုန်တိုင်းရှိ ကျူးကျော်စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ကောက်ယူခဲ့ပြီး ကျူးကျော်များနေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ပေးခဲ့ကြောင်းနှင့် လှိုင်သာယာမြို့နယ်တွင် ကျူးကျော် အများဆုံးနေထိုင်လျက်ရှိပြီး အိမ်ထောင်စု လေးသောင်းခန့်ရှိကြောင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

J-10




FOLLOW US