News

POST TAGGED AS

ကျူးကျော်များ

တွံတေး ဧက ၈၀၀ ကျော်အတွက် လယ်သမားများ အစိုးရလျော်ကြေး လက်မခံ
ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်းရှိ ကျူးကျော်များကို ထားရှိရန် စီစဉ်သည့် တွံတေးမြို့နယ်ရှိ လယ်ဧက ၂၈၀၀ အနက် ဧက ၈၀၀ မှ လယ်သမားများသည် အစိုးရ၏လျော်ကြေးကို လက်မခံကြောင်း တွံတေးမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

“ကျူးကျော်တွေ နေထိုင်ဖို့ အိမ်ရာကို ဒီနှစ်ထဲမှာ ဆောက်ဖို့အတွက် လွှတ်တော်မှာ အသေးစိတ်ဆွေးနွေးထားတယ်။ မြေဧက ၂၀၀၀ ကျော်က သဘောတူတယ်။ သဘောမတူတဲ့ မြေဧကတွေကို ထားခဲ့မယ်။ သဘောတူညီတဲ့ မြေဧကပေါ်မှာပဲ ကျူးကျော်တွေနေထိုင်ဖို့ အိမ်ရာတွေကိုဆောက်လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရပေးလျော်မည့် လျော်ကြေးကို မြေဧက ၈၀၀ ခန့်ကို ပိုင်ဆိုင်သည့် လယ်သမား ၈၀ ခန့်က သဘောတူကြောင်း အကြောင်းမပြန်ခဲ့ကြောင်း ၎င်းထံက သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ပြည်သူ့ဘဝမြှင့်တင်ရေးမြို့သစ်စီမံကိန်း (project X) အမည်သတ်မှတ်ကာ တွံတေးမြို့နယ်ရှိ လယ်မြေဧက ၂၈၀၀ တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျူးကျော်များကိုထားရှိရန်နှင့် တန်ဖိုးနည်း၊ တန်ဖိုးလတ်၊ အရောင်းအိမ်ရာများ ဆောက်လုပ်ရန် လွှတ်တော်သို့ အဆိုပြုတင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျူးကျော်များ နေထိုင်ရန်ဆောက်လုပ်မည့် လယ်ယာမြေပိုင်ဆိုင်သူများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် မြို့မြေအဖြစ်သတ်မှတ်ပြီးသည့် မြေ ၂၀ ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ပေ ၄၀၊ ပေ ၆၀ မြေသုံးကွက် ပြန်လည်ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာကားလမ်းအနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၈၀၀ တွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး ယခုနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်ထားသည်။

ကျူးကျော်စာရင်းကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ မြို့နယ်၃၇ ခုရှိ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ် ကတ်ထုတ်ပေးခဲ့ကြောင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

J-10



FOLLOW US