News

POST TAGGED AS

ကျူးကျော်များ

စမတ်ကတ်ရ ကျူးကျော်များကို မပြောင်းရွှေ့ရန် အစိုးရ သတိပေး
ရန်ကုန်၊ မေ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်သက်သေခံကတ်ပြား (စမတ်ကတ်) ကိုင်ဆောင်ထားသည့် ကျူးကျော်များကို လက်ရှိနေထိုင်သည့် နေရာမှ မရွှေ့ပြောင်းရန် တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားကြောင်း ကျူးကျော်စာရင်း ကောက်ခံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျူးကျော်သက်သေခံကတ်ပြား ထုတ်ပေးပြီးဖြစ်၍ ကျူးကျော်နေထိုင်သူဖြစ်ကြောင်း မှန်ကန်မှု ရှိ၊ မရှိကို မြို့နယ်အလိုက် အိမ်တိုင်ရာရောက် စစ်ဆေးမည်ဖြစ်၍ ယင်းသို့ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကျူးကျော်များနေထိုင်သည့် မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများကလည်း စမတ်ကတ်ရရှိသူ ကျူးကျော်များကို လက်ရှိနေရာမှ ပြောင်းရွှေ့ခိုင်းခြင်းများ မပြုလုပ်စေရန်လည်း ညွှန်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျူးကျော်နေထိုင်သူဖြစ်ကြောင်း မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးမှုများကို ယခုနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားပြီး စစ်ဆေးမည့်လ အတိအကျကို တိုင်းအစိုးရအဖွဲ့ ညွှန်ကြားမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်များနေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာ ကားလမ်း အနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၇၀၀ ကျော်တွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး ယခုနှစ်အတွင်း မြေဧက ၂၆၂ ဧက ပေါ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။

ကျူးကျော်စာရင်းကောက်ယူမှုကို မြို့နယ် ၃၇ မြို့နယ်တွင် ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ကောက်ယူခဲ့ပြီး ကျူးကျော်အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ပေးခဲ့ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။ 

J-10



FOLLOW US