News

POST TAGGED AS

ကျူးကျော်များ

ကျူးကျော်ကတ်ရောင်းဝယ်မှုအပေါ် တိုင်ကြားမှုများရှိ
ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းအတွင်း ကျူးကျော် အသိအမှတ်ပြုကတ် ထုတ်ပေးထားသည့် ကျူးကျော်များကို တွံတေးမြို့နယ်တွင် အိမ်ရာတိုက်ခန်းများ ဆောက်လုပ်ပေးမည်ဆိုသောကြောင့် မြို့နယ်အချို့တွင် အဆိုပါကတ်များ ရောင်းဝယ်နေမှုနှင့်ပတ်သက်၍ တိုင်ကြားမှု ၁၀ မှုကျော် ရှိနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ယခုလက်ရှိတွင် ကျူးကျော်အများဆုံးနေထိုင်သည့် လှိုင်သာယာမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ကျူးကျော်အသိအမှတ်ပြု ကတ်များကို ကျပ် ၁၀ သိန်းမှ ၂၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ နှစ်ဖက်ရောင်းဝယ်မှုကို တွေ့ရှိသူများက လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျူးကျော်အသိအမှတ်ပြု စမတ်ကတ် ရောင်းဝယ်နေတာတွေကို အခုလက်ရှိ လာရောက်တိုင်တာတွေ များနေတယ်။ ၁၀ မှုကျော် လောက်ရှိတယ်။ မြို့နယ်ထွေအုပ်တွေကို တိုင်ကြားတာလည်း ရှိတယ်။ တိုင်းအစိုးရက ဝယ်ယူရောင်းချမှုတွေ၊ စီးပွားဖြစ် ကျူးတွေတွေ့ရှိရင် သူတို့လုပ်တဲ့အပေါ်မူတည်ပြီး အရေးယူဆောင်ရွက်မယ်။ စမတ်ကတ်ကို ပြန်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူကာ ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြုသည့် စမတ်ကတ်များ ထုတ်ပေးပြီးဖြစ်သောကြောင့် ကျူးကျော်နေထိုင်သူဖြစ်ကြောင်း မှန်ကန်မှု ရှိ၊ မရှိကို  မြို့နယ်အလိုက် အိမ်တိုင်ရာရောက် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ ထပ်မံသိရသည်။

“ကျူးကျော်စမတ်ကတ် ရရှိသူတွေက အခုလက်ရှိ တွံတေးမြို့နယ်မှာ တိုက်ခန်းရမယ်ဆိုတော့ စမတ်ကတ်တွေ လာဝယ်တာတွေ ရှိနေတယ်။ ရောင်းတဲ့သူတွေကလည်း ရောင်းနေကြတယ်။ ဆယ်သိန်းအနိမ့်ဆုံး ပေးဝယ်ကြတယ်”ဟု လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သည့် ဒေါ်အေးမြင့်က ဆိုသည်။

ကျူးကျော်များနေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာကားလမ်း အနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၇၀၀ ကျော်တွင် ဆောက်လုပ်ရန်စီစဉ်ထားပြီး ယခုနှစ်အတွင်း မြေဧက ၂၆၂ ဧကပေါ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်သည်။

ကျူးကျော်စာရင်းကောက်ယူမှုကို ကနဦး စီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ နှစ် ဇူလိုင်လအထိ ကောက်ယူခဲ့ကာ ကျူးကျော်များနေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ပေးခဲ့ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

J-10



FOLLOW US