News

POST TAGGED AS

ကျူးကျော်များ

ရန်ကုန်တွင် ကိုးလအတွင်း လူသတ်မှု ၁၀ဝ ကျော်ဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ လူသတ်မှုပေါင်း ၁၀၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ငါးရက်လျှင် နှစ်ဦးနှုန်း အသတ်ခံနေရသည့် အဆိုပါ လူသတ်မှုဖြစ်စဉ်များတွင် အရက်မူးရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှု ကျူးလွန်သည့် ဖြစ်စဉ် အများစု ပါဝင်ကြောင်း၊ ပြစ်မှုဖြစ်စဉ် အများစုမှ တရားခံများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“လုယက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် အချို့တော့ ရှိတယ်။ ဒါပေမဲ့ ဖြစ်သွားတဲ့ လူသတ်မှု အများစုက အရက်မူးရာက ဘာမဟုတ်တဲ့ ပြဿနာ အသေးအမွှားကနေ စပြီး စကားများ ရန်ဖြစ်ရာက လက်လွန်သွားတဲ့ဟာတွေ များတယ်။ ယခင်နှစ်တွေထက် စာရင်တော့ ဒီနှစ် လူသတ်မှုဖြစ်စဉ် လျော့နည်းသွားတယ်”ဟု ၎င်းက ဆိုသည်။

အခြေခံလူတန်းစား အများဆုံး နေထိုင်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံတောင်မြို့နယ်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ သန်လျင်၊ ဒလမြို့နယ်များတွင် လူသတ်မှု အများဆုံး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အနေနှင့် မှုခင်းကျဆင်းရေးအတွက် မှုခင်း အသိပေးပညာပေး ဆွေးနွေးမှုများကို မြို့နယ်အနှံ့တွင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၂၆ ရက်အထိ လူသတ်မှု ၁၂၈ မှု ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် ၁၀၈ မှုသာ ဖြစ်ပွားခဲ့သောကြောင့် အမှုပေါင်း ၂၀ အထိ လျော့နည်းခဲ့သော်လည်း မုဒိမ်းမှုမှာ ယခင်နှစ်ထက် သိသာစွာ အမှုအရေအတွက် တိုးမြင့်လာကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင်နှစ်က မုဒိမ်းမှု ၁၄၉ မှုသာ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် မုဒိမ်း မှု ၁၉၂ မှုအထိ ဖြစ်ပွားခဲ့သောကြောင့် အမှုပေါင်း ၄၃ မှုအထိ တိုးလာပြီး ယင်းအမှုများတွင် အရွယ် မရောက်သေးသည့် ချစ်သူ မိန်းကလေးကို ခိုးယူ ပေါင်းသင်းခဲ့သည့် အမျိုးသားများ မုဒိမ်းမှုပုဒ်မဖြင့် အရေးယူခံရသော ဖြစ်စဉ် အများစု ပါဝင်ခဲ့သည်။

S-03



FOLLOW US