News

POST TAGGED AS

ကျိုင်းတုံ

11-May-2018

ကျိုင်းတုံ
ကျိုင်းတုံ ကိုယ်ကာယပြန်လည်သန်စွမ်းရေးစင်တာတွင် မိုင်းကြောင့် ခြေတုတပ်ဆင်ရသူ ထက်ဝက်ခန့်ရှိ


ကျိုင်းတုံ၊ မေ ၁၀ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးစင်တာတွင် တစ်နှစ်အတွင်း ခြေတုလာရောက်တပ်ဆင်သူ ၉၄ ဦးရှိရာ မိုင်းပေါက်ကွဲမှုကြောင့် ခြေတုတပ်ဆင်ရသူ ထက်ဝက်ခန့်ရှိကြောင်း အဆိုပါ စင်တာအဖွဲ့ခေါင်းဆောင်နှင့် ခြေတု၊ လက်တု ပညာရှင် Mr.Raphael Euio Kerio က ပြောကြားသည်။ 

“ခြေတုတပ်ဆင်သူ ၉၄ ဦးမှာ ၄၂ ဦး က မိုင်းကြောင့်ဖြစ်ပြီး အဲဒီ ၄၂ ဦးထဲမှာမှ ၁၆ ဦးက အရပ်သားတွေပါတယ်၊ “ဝ” တောင်ပိုင်းက လာတပ်ဆင်တဲ့ ၁၄ ဦးမှာ ၁၃ ဦးက စစ်သားတွေပါ”ဟု ကျိုင်းတုံမြို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဒေါ်နန်းရွှေဖြူက ရှင်းပြသည်။ 

ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ခြေတုတပ်ဆင်လိုသူများကို ဆန်းစစ်လေ့လာပြီး စင်တာသို့ လွှဲပြောင်းပေးပို့နိုင်ရန် ကြက်ခြေနီစေတနာ့လုပ်အားရှင်အချို့ကို အသုတ်လိုက်ခွဲ၍ သင်တန်းများပေးထားသည့်အပြင် ထပ်မံသင်ကြားပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက ဆိုသည်။ 

ကျိုင်းတုံမြို့ ပြည်နယ်အထွေထွေ ရောဂါကုဆေးရုံကြီးဝင်းတွင် ၃၄ ခုတင် ဆံ့ကိုယ်ကာယပြန်လည်သန်စွမ်းရေးစင်တာကို ကျပ် ၁ ဒသမ ၈၆ ဘီလီယံဖြင့် တည်ဆောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မေလမှ လက်ရှိအထိ ခြေတုဝန်ဆောင်မှု ၉၄ ဦး၊ ဝှီးချဲဝန်ဆောင်မှု ၁၀ ဦးနှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု ၁၁၇ ဦး ရှိကြောင်း ICRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

R-16



FOLLOW US