News

POST TAGGED AS

ကျိုက်ထီးရိုး

ကျိုက်ထီးရိုး ဘုရားပွဲရာသီ ယဉ်ကျေးဇုန်ဝင်ကြေး ကျပ်သိန်း ၅၀၀၀ ခန့် ရရှိ
မော်လမြိုင်၊ မေ ၎

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားပွဲရာသီအတွင်း ဇုန်ဝင်ကြေးအဖြစ် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ရရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြား ဧည့်သည်တော်များကို ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ထိ နိုင်ငံခြားခရီးသွား ဧည့်သည် ရှစ်သောင်းကျော် ဝင်ရောက်ခဲ့သည်။

ထိုကြောင့် ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်ဇုန်ဝင်ကြေးက ပိုကောက်ခံရပါတယ်၊ နိုင်ငံခြား ဘုရားဖူးတွေလည်း များလာလို့ ဇုန်ဝင်ကြေးရရှိမှုက မနှစ်ကထက် ပိုတယ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဇုန်ဝင်ကြေးကို ကောက်ခံတယ်” ဟု ကျိုက်ထီးရိုး ဂေါပကရုံးအဖွဲ့မှူး ဦးစိုးလှက ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်ကျွတ်လပြည့်နေ့တွင် ဖွင့်ပွဲဖြင့် စတင်ဖွင့်လှစ်ပြီး ကဆုန်လပြည့်နေ့တွင် ကျိုက်ထီးရိုးဘုရား ပိတ်သည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန် နိုင်ငံခြားခရီးသွား ဝင်ကြေးကို ယခင်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကောက်ခံလာခဲ့သည်။ ထိုနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စကာ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ဇုန်ဝင်ကြေးကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီမှ ကောက်ခံခဲ့သည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံတကာ ဘုန်းတော်ကြီးများနှင့် စစ်သံရုံး ဝန်ထမ်းများကိုသာ ဇုန်ဝင်ကြေး ကင်းလွတ်ခွင့် ပြုထားပြီး အခြားမည်သည့် နိုင်ငံခြားဧည့်သည်မဆို ယဉ်ကျေးမှုဇုန်သို့ လာရောက်ပါက ဇုန်ဝင်ကြေး ပေးဆောင်ရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ထိုင်းနိုင်ငံသား အများဆုံး လာရောက်လျက်ရှိပြီး ဗီယက်နမ်၊ တရုတ်၊ ဂျပန် အစရှိသည့် အာရှနိုင်ငံများနှင့် အမေရိကန်၊ ဥရောပ နိုင်ငံများက ခရီးသွားများလည်း ပုံမှန်လာရောက်လည်ပတ်လျက် ရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။ 

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားဧည့်သည်တော် တစ်သိန်းကျော် လာရောက်လည်ပတ်လေ့ ရှိသည်ဟု ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။

Dawei Watch



FOLLOW US