News

POST TAGGED AS

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးရှိ လုပ်ငန်းနှင့် ဈေးဆိုင်များအား ရန်ပုံငွေ တိုးကောက်မည်
မော်လမြိုင်၊ စက်တင်ဘာ ၎

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ယမန်နှစ်ထက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများကိုသာ လုပ်ပိုင်ခွင့် ပေးသွားမည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးဒေသရှိ ရင်ပြင်တော်စခန်း၊ ကင်မွန်းစခန်း၊ ရသေ့တောင်စခန်းနှင့် ရေမြောင်ကြီးစခန်းတို့တွင် ရောင်းချလျက်ရှိနေသည့် ဆိုင်ခန်းများနှင့် လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ခုနှစ် ဘုရားပွဲတော်ကာလတွင် ယင်းသို့ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။

“မနှစ်က မတိုးဘူး၊ ဒီနှစ် ဝန်ကြီးချုပ်က တိုးကောက်မယ်ဆိုလို့ ဈေးဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေကို အကြောင်းကြားထားပြီးပြီ” ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိန်မြင့်က ပြောသည်။

ထို့အပြင် အလှူခံဌာန၊ ရွှေဆိုင်းအရောင်းဌာနနှင့် ဆည်းလည်းအရောင်းဌာနတို့ကို ယမန်နှစ်ကအတိုင်း ဘုရားဂေါပကအဖွဲ့က တိုက်ရိုက်ကိုင်တွယ်သွားမည်ဟုလည်း ဦးစိန်မြင့်က ပြောသည်။

ကျိုက်ထီးရိုးဘုရားဒေသတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး လုပ်ငန်းအမျိုးအစားပေါင်း ၅၀ ဝန်းကျင်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ရှိ စာရင်းအရ သိရသည်။

“ဘယ်နေ့မှာ ပေးသွင်းရမလဲဆိုတာ မသိသေးဘူး” ဟု ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်ရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယမန်နှစ်က ဆိုင်ခန်းအရွယ်အစားအပေါ် မူတည်ပြီး ရန်ပုံငွေကို အများဆုံး ကျပ်သိန်း ၁၀၀ ကျော်မှ အနည်းဆုံး ကျပ်သိန်း ၈၀ ကျော် ပေးသွင်းခဲ့ရပြီး လုပ်ငန်းများတွင်လည်း လုပ်ငန်းကြီးငယ်ပေါ် မူတည်ကာ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်မှ အနည်းဆုံး ကျပ် ၅ သိန်း ဝန်းကျင် ရှိခဲ့သည်ဟု ဂေါပကအဖွဲ့ စာရင်းအရ သိရသည်။

ကျိုက်ထီးရိုးဘုရားပွဲ ကာလသည် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိဖြစ်ပြီး ဘုရားပွဲတော်ကာလတွင် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည် တစ်ရက်လျှင် သိန်းချီ လာရောက်ကြသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

Dawei Watch



FOLLOW US