News

POST TAGGED AS

ကျန်းမာရေး

ပုသိမ်ဆေးရုံတွင် ကျောက်ကပ်ဆေးနိုင်ပြီ


ပုသိမ်၊ မတ် ၁၈

ဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက်ကို မတ်လ ၁၆ ရက်တွင် စတင်ဖွင့်လှစ်ကာ အသုံးပြုနေကြောင်း ယင်းဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။

အဆိုပါ ကျောက်ကပ်သန့်စင်စက်ကို တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့များနှင့် အလှူရှင်များ စုပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း၊ ကျောက်ကပ် သန့်စင်စက်ကို ကျန်းမာရေးဝန်ကြီးဌာနက တစ်လုံး၊ အလှူရှင်များလှူဒါန်းသော ကျောက်ကပ်သန့်စင်စက် ၂ လုံး စုစုပေါင်း ၃ လုံးဖြင့် ဆောင်ရွက်ပေးနေကြောင်း ပုသိမ်မြို့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ကျောက်ကပ်ဝေဒနာရှင် တစ်ဦးအနေနှင့် ကျောက်ကပ်ဆေးကြောခြင်းကို တစ်ပတ်လျှင် ၂ ကြိမ်ဆောင်ရွက်ရကြောင်း၊ ပုသိမ်မှ ရန်ကုန်သို့သွားရောက် ဆေးကြောနေရသည့်အတွက် တစ်ပတ်လျှင် ၂ ကြိမ်၊ တစ်လ ၈ ကြိမ် သွားရောက်နေရသောကြောင့် ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်ရှစ်သိန်းမှ ၁၂သိန်းအထိ ကုန်ကျကြောင်း လူနာရှင်များထံမှ သိရသည်။

ပုသိမ်ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်းအတွက် ဝမ်းသာကြောင်း၊ ရန်ကုန်တွင်သွားရောက်၍ ဆောင်ရွက်နေရသည့် စရိတ်ထက်ဝက်ခန့် သက်သာသွားနိုင်ကြောင်း၊ သို့ရာတွင် ရန်ကုန်ရှိဆေးရုံများကဲ့သို့ စက်ကိုင်ကျွမ်းကျင်သူများကိုလည်း စီစဉ်ထားရှိပေးသင့်ကြောင်း၊ ကျောက်ကပ် ဝေဒနာရှင်များအတွက် ထိုးဆေး၊ သောက်ဆေးများမှာ ပုသိမ်မြို့တွင် ရောင်းချသည့် ဆေးဆိုင်မရှိသေးသည့်အတွက် သတ်မှတ်ဆောင်ရွက်ပေးသင့်ကြောင်း လူနာရှင်တစ်ဦးက ပြောသည်။

ကျောက်ကပ်ဝေဒနာရှင်တစ်ဦး ကျောက်ကပ်ဆေးပါက တစ်ကြိမ်ဆေးကြောပါက ၄ နာရီ ကြာမြင့်ကြောင်း၊ ပုသိမ်နှင့်အနီးအနားဒေသများမှ ကျောက်ကပ်ကို ပုံမှန်ဆေးကြောနေရသည့် ဝေဒနာရှင် ၂၀ ဦးအထက် ရှိနေသဖြင့် ကျောက်ကပ်သန့်စင်စက် ၆ လုံးကို မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်တွင် ထပ်မံတပ်ဆင်ကာ ဇွန်လတွင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပုသိမ်မြို့ရှိ မေတ္တာရိပ် ကျန်းမာရေး စောင့်ရှောက်မှုအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးချစ်ကိုကိုက ရှင်းပြသည်။

ပုသိမ်ဆေးရုံရှိ ကျောက်ကပ် သန့်စင်စက်ကို တစ်ပတ်လျှင် ၄ ရက် (ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနား၍) ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောက်ကပ်သန့်စင် အသုံးပြုလိုသူ လူနာရှင်များအနေနှင့် တိုင်းဆေးရုံကြီး ပြင်ပလူနာဌာနနှင့် မေတ္တာရိပ် ကျန်းမာရေးစောင့်ရှောက်မှု အသင်းတို့တွင် လူကိုယ်တိုင်လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။ 

R-11
 



FOLLOW US