News

POST TAGGED AS

ကျန်းမာရေး

မုံရွာကားဝင်းတွင် အခမဲ့ဆေးခန်းဖွင့်

မုံရွာ၊ ဇန်နဝါရီ ၂၈

ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ကားဂိတ်ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိက ရည်ရွယ်သည့် အခမဲ့ဆေးခန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကားလေးကွင်းအတွင်း ဇန်နဝါရီ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့နယ် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (ယ-စ-က)ထံမှ သိရသည်။

အဆိုပါ ဆေးခန်းတွင် ကားလေးကွင်းအတွင်း ဈေးရောင်းချသူများနှင့် အနီးအနားရပ်ကွက်မှ လူကြီး၊ လူငယ်များကိုပါ အခမဲ့ ကုသပေးမည်ဖြစ်ပြီး ဆေးခန်းကို မုံရွာ(ယ-စ-က)၏ မတည်လှူဒါန်းငွေ ကျပ်သိန်းတစ်ရာဖြင့် ထူထောင်ထားခြင်းဖြစ်ကာ ရေရှည်ရပ်တည်နိုင်စေရန် ကားဂိတ်များ၊ ဝန်ထမ်းများနှင့် ဈေးရောင်းချသူများထံမှလည်း အလှူငွေ ကောက်ခံမည် ဖြစ်ကြောင်း မုံရွာမြို့နယ် (ယ-စ-က) ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြောကြားသည်။

“အဝေးပြေးယာဉ်မောင်း အများစုနဲ့ ခရီးသည်အများစုက ဧည့်သည်တွေဖြစ်တော့ မကျန်းမမာဖြစ်ရင် ပြသနိုင်တယ်။ အဝေးပြေး ယာဉ်မောင်းတွေက အထိုင်များတယ်။ သွေးတိုးတက်တာ ဆီးချို တက်တာတွေ အလွယ်တကူ စစ်ဆေးနိုင်ဖို့ပါ။ သူတို့က ခရီးသည်များစွာကို တင်ဆောင်မောင်းနှင်ရတော့ အားလုံးအတွက် လုံခြုံစိတ်ချရအောင်ပါ”ဟု ၎င်းကဆိုသည်။ 

အဆိုပါ အခမဲ့ဆေးခန်းတွင် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ဆေးကုသမှု ပေးနေခဲ့ပြီး နေ့စဉ် လူနာ၂၀ ခန့် လာရောက်ကြကြောင်း၊ ကားဂိတ်ဝန်ထမ်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် မုံရွာတောင်ရပ်ကွက်မှ ရပ်ကွက်နေ လူကြီးလူငယ်နှင့် ကားလေးကွင်းမှ ဈေးရောင်းချသူ အများစု လာရောက် ကုသနေပြီး ကျန်းမာရေး ဝန်ဆောင်မှုကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဆရာဝန်တစ်ဦးနှင့် ဆရာမနှစ်ဦးက တာဝန်ယူ ကုသမှုပေးနေကြောင်း အဆိုပါ ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။

R-08



FOLLOW US