News

POST TAGGED AS

ကျန်းမာရေး

12-Nov-2017

ပုသိမ်
ပုသိမ် ရေပေါ် လဟာပြင်ဈေးရှိ ဆိုင်ခန်းနေရာ မဲနှိုက်မည့် အစီအစဉ် ဖျက်သိမ်း
ပုသိမ်၊ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေပေါ် လဟာပြင်ဈေးရှိ ဆိုင်ခန်းနေရာများကို မဲပြန်နှိုက်ကာနေရာ ပြန်လည် ချထားပေးမည့် အစီအစဉ်ကို  ဖျက်သိမ်း လိုက်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

မဲပြန်နှိုက်မည့် အစီအစဉ်အတွက် တက်ရောက်လာသူ ဈေးသူ၊ ဈေးသား ၁၄၈ ဦး ဆန္ဒမဲခွဲဆုံးဖြတ်ရာ မဲပြန်နှိုက်လိုသူ ၃၉ ဦးသာ ရှိသောကြောင့် အများဆန္ဒစုအရ မဲနှိုက်ကာ ဆိုင်ခန်းနေရာ ပြန်လည် ချထားမည့် အစီအစဉ်ကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်က ပြောကြားသည်။ 

“အရင် ညဈေးတန်းတုန်းက နှစ်တိုင်း မဲနှိုက်ပြီး နေရာ ပြန်ချထားခဲ့ပေမယ့် အခု ရေပေါ်ဈေး လုပ်ခဲ့တဲ့ သုံးနှစ်တာမှာစပြီး နေရာချပေးပြီးကတည်းက တစ်ခါမှ မဲနှိုက်ပြီး နေရာပြန်ချပေးတာ မရှိခဲ့ဘူး၊ ဒီနှစ်တော့ နောက်မှ ရောက်လာတဲ့သူတွေက နောက်တန်း ကြားညှပ်နေသူ တချို့က တစ်နှစ် တစ်ကြိမ် မဲနှိုက်နေရာ ပြန်ချပေးဖို့ တင်ပြလာတာကြောင့် ခုလို အများဆန္ဒရယူပြီး ပွင့်လင်းမြင်သာ စီစဉ်ရတာပါ”ဟု ၎င်းက ရှင်းပြသည်။

ဈေးသည်အချို့မှာ လက်ရှိ ရောင်းချနေသည့် ဆိုင်ခန်းနေရာနှင့် ဖောက်သည်များ အသားကျနေပြီ ဖြစ်သောကြောင့် မပြောင်းရွှေ့လိုသူများရှိကြောင်း၊ အချို့ ဈေးသည်များမှာ ၎င်းတို့လက်ရှိ ရောင်းချနေသော ဆိုင်ခန်းနေရာ ရောင်းပန်းဝယ်ပန်း မကောင်းမွန်သောကြောင့် နေရာကောင်းတွင် မဲစနစ်ဖြင့် တစ်နှစ် တစ်ကြိမ် မျှတစွာ ပြောင်းရွှေ့ရောင်းချလိုသဖြင့်  မဲပြန်နိုက်လိုကြောင်း၊ တချို့ ဈေးသည်များ တစ်ဦးတည်းဖြင့် ဆိုင်ခန်းများ သုံးခန်း လေးခန်း ရယူထားမှုကြောင့် မျှတမှုအတွက် ကြီးကြပ်ပေးစေလိုကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။ 

ရေပေါ်လဟာပြင်ဈေးမှာ ယခင်က ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မြို့တော်ခန်းမရှေ့ ကမ်းနားလမ်း လမ်းပေါ်တွင် ညဈေးတန်း ရောင်းချသူများကို ၂၀၁၄ ခုနှစ်တွင် အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းပေါ်တွင် အရှည် ပေ ၄၀ဝ အကျယ် ပေ ၈၀ ရှိ ကွန်ကရစ် ရေပေါ်ဈေး ပုံစံတည်ဆောက်၍ ညနေ ၅ နာရီမှ ည ၁၀ နာရီ ရောင်းချခွင့်ပြုထားသော ဈေးဖြစ်ကာ ယခင်ကတည်းက ညဈေးရောင်းချနေသူ ဈေးသည်များအား ဆိုင်ခန်းပေါင်း ၁၄၈ ခန်းကို မဲစနစ်ဖြင့် အခမဲ့ နေရာချထားပေးကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-12

  • VIA


FOLLOW US