News

POST TAGGED AS

ကလေး

15-Aug-2018

တံတား ကလေး
သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နတ်တံခါးချောင်းကူးတံတား တည်ဆောက်ပြီးစီး


ကလေး၊ ဩဂုတ် ၁၄ 

သဘာဝဘေးကြောင့် နှစ်ကြိမ်တိုင်တိုင် ရေတိုက်စားပျက်စီးခဲ့ရသည့် ကလေး မြို့နယ်မှ နတ်တံခါးချောင်းကူးတံတားမှာ ယခုအခါ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း မင်းလှကျေးရွာ တာဝန်ခံ ဦးဆွေဇွမ်းထန်က ပြောကြားသည်။ 

အရှည်ပေ ၂၈၀၊ အကျယ် ၅ ပေ ရှိ သံမဏိသံဘောင်ကြိုးတံတားကို ဩဂုတ် လ ၁၀ ရက်နေ့မှ စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် တည်ဆောက်မှုပြီးစီးခဲ့သဖြင့် ဒေသခံများ ဖြတ်သန်းသွားလာနေကြကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ကြိုးတံတားကို ဆွစ်ဇာလန်နိုင်ငံသား မစ္စတာတိုနီအယ်လ်ဇွန်ဇိုးက တည်ဆောက်ပေးခြင်းဖြစ်ပြီး နည်းပညာနှင့် ငွေကြေးကုန်ကျစရိတ်ကို ၎င်းက အကုန်အကျခံပြုလုပ်ပေးခြင်းဖြစ်ကာ လိုအပ်သည့်လုပ်အားကို အောင်ရွာနှင့် မင်းလှကျေးရွာနေ ပြည်သူများကူညီခြင်းဖြစ်ပြီး ကမ်းကပ်ခုံတည်ဆောက်ရန် ကလေးမြို့နယ်၊ ကျေးလက်ဦးစီးဌာနက အကူအညီပေးတည်ဆောက်ခဲ့သည့် တံတားလည်းဖြစ်သည်။ 

“အခုဆိုရင်တော့ သွားရေး၊ လာရေး လွယ်ကူသွားပြီ။ အရင်ကတော့ စက်လှေနဲ့ ကူးနေရတာဆိုတော့ သွားရလာရတာ မလွယ်ဘူး” ဟု မင်းလှကျေးရွာ တာဝန်ခံ ဦးဆွေဇွမ်းထန်က ပြောဆိုသည်။ 

နတ်တံခါး ချောင်းကူးတံတားသည် ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကြောင့် ရေတိုက်စားပျက်စီးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား မစ္စတာတိုနီအယ်လ်ဇွန်ဇိုးက နည်းပညာအကူအညီပေးကာ အောင်ရွာနှင့် မင်းလှဒေသခံများနှင့် စေတနာရှင် အလှူရှင်များ၏ငွေဖြင့် သံမဏိကြိုးတံတားအဖြစ် ပြန်လည်တည်ဆောက်ခဲ့သော်လည်း ၂၀၁၇ခုနှစ် မိုးရာသီတွင် ချောင်းရေတိုက်စားပြီး ထပ်မံပျက်စီးခဲ့သဖြင့် ဒေသခံရွာသားများသည် စက်လှေများဖြင့် ဆိုင်ကယ်တစ်စီးနှင့် လူတစ်ယောက်လျှင် ကျပ် ၁၅၀၀ ပေး၍ ခက်ခက်ခဲခဲသွားလာခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

“ကျောင်းသားတွေ အရေးပေါ်လူနာတွေအတွက် အများကြီး ဝမ်းသာစရာကောင်းတယ်။ စက်လှေတွေရှိပေမယ့် စက်လှေက ညဘက်ဆို သွားလာလို့မရဘူး။ အခု တံတားပြီးပြီဆိုတော့ နေ့ညမရွေး သွားလာလို့ အဆင်ပြေပြီပေါ့” ဟု လက်ပံ ချောင်းကျေးရွာနေ ကိုဂျက်စီက ပြောဆိုသည်။

ကလေးမြို့နယ် အနောက်မြောက်ဘက်ခြမ်းတွင်ရှိသည့် ကျေးရွာပေါင်း ၁၀ ရွာ ကျော်သည် အဆိုပါလမ်းကို အသုံးပြု၍ နေ့စဉ် ကလေးမြို့သို့ သွားလာနေကြရပြီး နတ်တံခါးချောင်းကို နေ့စဉ် ဖြတ်သန်းကူးလူးသွားလာနေကြရသည်။

R-20



FOLLOW US