News

POST TAGGED AS

ကလေးမြို့

ယူကရိန်းကောင်းကင်တွင် ခရီးသည်တင်လေယာဉ် ပစ်ချမှုအတွက် ရုရှားတွင်တာဝန်ရှိ


အမ်စတာဒမ်၊ မေ ၂၆

၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ သူပုန်ထိန်းချုပ်နယ်မြေ ကောင်ကင်ယံတွင် မလေးရှားလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချခဲ့မှုအတွက် ရုရှားနိုင်ငံကတာဝန်ယူရမည်ဟု ဩစတြေးလျနှင့် နယ်သာလန်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ပစ်ချမှုကြောင့် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသော MH 17 လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည်။

ဒတ်ခ်ျဦးဆောင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက ယင်းဒုံးကျည်သည် ရုရှားတပ်ဖွဲ့မှဖြစ်သည်ဟု ကြာသပတေးနေ့ကသုံးသပ်ချက် ထုတ်ပြန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒတ်ခ်ျစုံစမ်းရေးမှူးများ၏ မှတ်ချက်ကို ပယ်ချလိုက်ပြီး ရုရှားနှင့် ပတ်သက်ခြင်းမရှိဟု ငြင်းဆိုလိုက်သည်။

သို့ရာတွင် ဒုံးကျည်သယ်ဆောင်လာသော ယာဉ်တန်းမှ မော်တော်ယာဉ်အားလုံးသည် ရုးရှားတပ်ဖွဲ့မှဖြစ်ပြီး သူပုန်ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းမှ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိထားသည်။

နိုင်ငံတကာဥပဒေကို ရုရှားနိုင်ငံက ချိုးဖောက်ခဲ့သည်ဟု နယ်သာလန်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်များအရ MH 17 ကို ပစ်ချခဲ့သည့် Buk ဒုံးကျည်စနစ်ကိုတပ်ဆင် ဖြန့်ကြက်ခဲ့မှုအတွက် ရုရှားနိုင်ငံကတာဝန်ရှိသည်ဟု နယ်သာလန်နှင့် ဩစတြေးလျတို့က ယုံကြည်ကြောင်း ဒတ်ခ်ျနိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့ခ်က ပြောကြားသည်။

ထို့အတွက် ရုရှားနိုင်ငံကတရားဝင် တာဝန်ယူစေရန်နှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်စေရန် လုပ်ဆောင်နေသော်လည်း နိုင်ငံတကာဥပဒေချိုးဖောက်မှုအတွက် နိုင်ငံအစိုးရတစ်ခုအား တာဝန်ယူစေသည့်ကိစ္စတွင် ရှုပ်ထွေးသောဥပဒေပိုင်း လုပ်ငန်းစဉ်များရှိသည်ဟု သိရှိရသည်။ 

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ကလည်း “အကျိုးသင့် အကြောင်းသင့် သုံးသပ်နိုင်တဲ့ တစ်ခုတည်းသော မှတ်ချက်ကတော့ MH17 ပစ်ချမှုမှာ ရုရှားနိုင်ငံက တိုက်ရိုက်ပတ်သက်မှု ရှိတယ်ဆိုတဲ့အချက်ပါပဲ”ဟု ပြောကြားသွားသည်။

နယ်သာလန်နှင့် ဩစတြေးလျတို့က ပထမအဆင့်အနေနှင့် ညှိနှိုင်းဆွေးနွေးမှုတွင် ပူးပေါင်းပါဝင်ရန် ရုရှားကိုတောင်းဆို ထားသော်လည်း နိုင်ငံတကာခုံရုံးသို့ တင်မည့်အစီအစဉ်ကိုလည်း ဆုပ်ကိုင်ထားကြသည်။

အဆိုပါဖြစ်ရပ်အတွက် တာဝန်ယူရန် အီးယူ၊ အမေရိကန်၊ ယူကေ (ဗြိတိန်) နှင့် နေတိုးအုပ်စုတို့ကလည်း ရုရှားကို တောင်းဆိုထားကြသည်။

ထိုကိစ္စအတွက် ဒတ်ခ်ျနှင့် ဩစတြေးလျအစိုးရများက လုပ်ဆောင်နိုင်မည့် ဥပဒေကြောင်း နည်းလမ်းများစွာရှိသော်လည်း တစ်ခုမှ လွယ်ကူခြင်းမရှိပေ။ ပထမနည်းလမ်းဖြစ်သော ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ စုံစမ်းဖော်ထုတ်ခြင်း၊ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်း၊ နစ်နာသူများကို လျော်ကြေးပေးခြင်း စသည်တို့ ပြုလုပ်စေရန် သံတမန်နည်းအရ ညှိနှိုင်းရေးသည် မြန်ဆန်ပြီးအသင့်လျော်ဆုံးဖြစ်သော်လည်း ရုရှားဘက်က အဆုံးတိုင် ငြင်းဆန်နေမည့် အလားအလာရှိနေသည်။

အခြား နည်းလမ်းများမှာလည်း ရုရှား၏ဝန်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သောကြောင့် အောင်မြင်နိုင်မည့် အလားအလာမရှိပေ။

ရုရှားအနေနှင့် ယင်းကိစ္စကိုဝန်ခံလိုက်ပါက ကရိုင်းမီးယားသူပုန်များကို ထောက်ပံ့ခြင်းမပြုဟု ဆက်လက်ငြင်းဆန်ရန် ဖြစ်နိုင်မည်မဟုတ်တော့ပေ။

နယ်သာလန်နှင့် ဩစတြေးလျတို့သည် နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုနိုင်ပြီး နယ်သာလန်အနေနှင့် အီးယူလူ့အခွင့်အရေးဆိုင်ရာ ခုံရုံးတွင်လည်း ရုရှားကို တရားစွဲဆိုနိုင်သည်။

MH17 လေယာဉ်ကို ကာ့စ်ဒေသ အမှတ် ၅၃ လေကြောင်းကာကွယ်ရေးတပ်မှ ထောက်ပံ့ပေးသော ရုရှားလုပ် Buk ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။ 

ဒုံးကျည်သည် လေယာဉ်၏ နှာခေါင်းပိုင်းနှင့်အနီးဆုံးနေရာတွင် ထိမှန်ပေါက်ကွဲခဲ့သည်ဟု စစ်ဆေးသူများက စုံစမ်းမှု အစောပိုင်းကတည်းက မှတ်ချက်ပေးခဲ့ကြသည်။

F-04



FOLLOW US