News

POST TAGGED AS

ကလေးမြို့

03-May-2018

ကလေးမြို့
ကလေးမြို့ အိုး/အိမ် ဝန်ထမ်းအိမ်ရာ အခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ဓားကိုင်ဝင်ရောက်
ကလေး၊ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အိုး/အိမ် ဝန်ထမ်းအိမ်ရာ တိုက်ခန်းရှိ အမျိုးသမီးများ နေထိုင်သည့်အခန်းတစ်ခုတွင် မေလ ၂ ရက်နေ့ ည ၉ နာရီကျော်က မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတစ်ဦးက ဓားကိုင်ဝင်ရောက်ခဲ့ကြောင်း ယင်းဝန်ထမ်းအိမ်ရာ နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ညက အိုး/အိမ်ဝန်ထမ်း အိမ်ရာ၊ တိုက်အမှတ် ၃၊ အခန်းနံပါတ် ၂၀၄ တွင်နေထိုင်သည့် ကလေးမြို့ အိတ်ချိန်းရုံးတွင် အလုပ်လုပ်ကိုင်သည့် ဒေါ်ခင်နွဲ့ကြည်၏ နေအိမ်အတွင်း လူတစ်ဦးက မျက်နှာဖုံးစွပ်ကာ ဓားကိုင်ပြီး နေအိမ်အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

အဆိုပါတိုက်ခန်းတွင် ဒေါ်ခင်နွဲ့ကြည် နှင့် ၎င်း၏အမျိုးသား၊ ကလေး၊ တူမဖြစ်သူ နှင့် ၎င်း၏မိခင်ဒေါ်တင်မြ ၇၂ နှစ်တို့ နေထိုင်ကြကြောင်း၊ ၎င်း၏ အမျိုးသား ဖြစ်သူမှာ အခင်းမဖြစ်ပွားမီ ခရီးသွားနေသဖြင့် နေအိမ်တွင်မရှိဘဲ ၎င်းနှင့် ၎င်း၏သမီးငယ်မှာလည်း အခင်းဖြစ်ပွားသည့်ညက ရုံးတွင် တာဝန်ကျသဖြင့် ရုံးတွင် ညအိပ်သွားခဲ့ကြသည့်အချိန် မိခင်နှင့်တူမဖြစ်သူ နှစ်ဦးတည်း နေအိမ်၌ရှိနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်နွဲ့ကြည်က ပြောကြားသည်။ 

“မျက်နှာဖုံးစွပ်ပြီး ဓားကိုင်ထားတဲ့လူက အိမ်ဧည့်ခန်းကိုကျော်ပြီး မီးဖိုချောင်အထိ ရောက်လာပြီးပြီ။ အဲဒီအချိန် တူမကလည်း ဘုရားရှိခိုးဖို့ မီးဖိုချောင်မှာ သောက်တော်ရေခွက်ကိုကိုင်ပြီး လှည့်အထွက်မှာတွေ့တော့ တူမက လက်ထဲမှာကိုင်ထားတဲ့ ရေခွက်နဲ့ ပေါက်လိုက်သေးတယ်။ အမေကလည်း မီးဖိုခန်းထဲရှိနေတာဆိုတော့ အမေရော တူမရောက အော်ကြလို့ အဲဒီလူ ထွက်ပြေးသွားခဲ့တယ်”ဟု ၎င်းကရှင်းပြသည်။ 

အခင်းဖြစ်ပွားရာတွင်ရှိနေခဲ့သည့် တူမဖြစ်သူ အသက် ၂၁ နှစ်အရွယ် မခင်အေးထွန်း၏ အဆိုအရ ယင်းအမျိုးသားသည် မျက်နှာတစ်ဝက်ကို အဝတ်စဖြင့် ဖုံးအုပ်ထားပြီး လက်တွင် တစ်ထွာခန့်အရှည်ရှိ ဓားကိုင်ထားကြောင်း၊ ရေခွက်ဖြင့်ပေါက်ပြီး တွန်းတိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့မှုအရ လူငယ်တစ်ဦးဖြစ်မည်ဟု ခန့်မှန်းရပြီး ဆံပင်တိုကြောင်း၊ ၎င်းတို့နေသည့် နေအိမ် တိုက်ခန်းသည် သုံးလွှာတွင်ရှိကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် နေထိုင်သည့် တစ်နှစ်ကျော် ကာလအတွင်း ယခုကဲ့သို့ ဖြစ်စဉ်ကို ပထမအကြိမ် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ လူများ ထိခိုက်ဒဏ်ရာရခြင်း၊ ပစ္စည်းများ ပါသွားခြင်း မရှိကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နေအိမ်တွင် မနေရဲကြသည့်အတွက် ၎င်းအလုပ်လုပ်ရာ အိတ်ချိန်းရုံးတွင် ပြောင်းရွှေ့နေထိုင်နေကြရကာ ယခုဖြစ်ပွားခဲ့မှုအပေါ် အိုး/အိမ်မှ ဝန်ထမ်းများထံ အသိပေး တိုင်တန်းထားသော်လည်း ရဲစခန်းတွင် အမှုမဖွင့်ရသေးကြောင်း ဒေါ်ခင်နွဲ့ကြည်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်ကြားလာခြင်း မရှိသော်လည်း သတင်းကြားသိရ၍ နယ်ထိန်းခေါင်းဆောင်ကို စေလွှတ်စုံစမ်းခဲ့ရာတွင် တိကျစွာ ပြောဆိုနိုင်သူကို မတွေ့ရှိခဲ့ရကြောင်း၊ လာရောက်တိုင်တန်းပါက အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကာ ညဘက်၌ လှည့်ကင်းများဖြင့် လှည့်လည် လုံခြုံရေးဆောင်ရွက်မည်ဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောဆိုသည်။

R-20



FOLLOW US