News

POST TAGGED AS

ကလေးမြို့

ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ စိုက်ပျိုးရေရရှိရေး ကမ္ဘာ့ဘဏ်ကူညီ
ကလေး၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ စိုက်ပျိုးရေရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် လယ်ယာစိုက်ပျိုးရေးတွင် အသုံး ပြုနိုင်သည့် ရေတွင်းပေါင်း ၇၀ တူးဖော် ပေးမည်ဖြစ်ကြောင်း ကလေးခရိုင် လက် ထောက်ညွန်ကြားရေးမှူး (ရေအရင်း အမြစ်) ဦးအောင်နိုင်ထွန်းက ပြောကြားသည်။ 

၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ်ခံခဲ့ရသော ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သဖန်းအိုင်ကျေးရွာ၊ ဆည်တော်ဦးကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ နန့်စလူကျေးရွာ၊ နတ်နန်းကျေးရွာ၊ အင်းစိန် ကျေးရွာ၊ ထောက်ကြန့်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ ထိုမာကျေးရွာ၊ ဇင်းကလင်းကျေးရွာ ၊ ကန်ပုလဲကျေးရွာ၊ နှောညောင်ပင်ကျေးရွာနှင့် တောင်ဦးကျေးရွာတို့ရှိ လယ်ယာမြေများ စိုက်ပျိုးရေ ရရှိရေးအတွက် ရေတွင်းပေါင်း ၇၀ တူးဖော်ပေးမည်ဖြစ်သည်။ 

ရေတွင်းများ တူးဖော်ရန်အတွက် တင်ဒါခေါ်ယူနေပြီး လာမည့်ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်နိုင်ရန် ဆောင်ရွက်နေကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် ရေတွင်းတူးပေးခြင်း၊ ရေစက်ဆင်ပေးခြင်း၊ ရေစက်ထားမည့် အဆောက်အအုံငယ် တည်ဆောက်ပေးခြင်း၊ တွင်းထဲမှ ထွက်လာသည့်ရေကိုလှောင်ရန် ရေကန်တည်ဆောက်ပေးခြင်းနှင့် ရေကန်မှ ပေ ၃၀ အကွာအထိ ရေမြောင်းလုပ်ပေးခြင်း စသည့်လုပ်ငန်းများ ထည့်သွင်းလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဦးအောင်နိုင်ထွန်းက ရှင်းပြပြောဆိုသည်။ 

“ဒီဟာက တကယ့်ကို စနစ်တကျ လုပ်ပေးတာဆိုတော့ တောင်သူတွေ စိုက် ပျိုးရေရရှိရေးအတွက် ပိုပြီးတော့ စနစ်ကျ သွားတာပေါ့” ဟု ၎င်းကဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်း ကမ္ဘာ့ဘဏ် ၏ချေးငွေကျပ်သန်း ၅၄၈ သန်း အကူ အညီဖြင့် စိုက်ပျိုးရေတွင်းများ တူးဖော် မည်ဖြစ်ပြီး စစ်ကိုင်းခရိုင်အတွင်း ၁၉ တွင်း၊ ကလေးခရိုင်အတွင်း တွင်း ၇၀ နှင့် ယင်းမာပင်ခရိုင်အတွင်း ၁၁ တွင်း တူး ဖော်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။ 

“ပျက်စီးသွားတဲ့ လယ်ယာတွေ ပြန်ဖော်ထုတ်ပြီး လုပ်ပေမယ့် စားစပါးအတွက်က ဖူလုံတဲ့ အနေအထား မရှိသေးဘူး။ အဲဒီတော့ ရေတွင်းတွေသာ တူးပေးမယ်ဆိုရင် ဝမ်းစာအတွက်ပါ မကဘူး ပြင်ပကို ရောင်းချနိုင်ပြီး တောင်သူတွေ စီးပွားရေး အဆင်ပြေတဲ့အထိ ရောက်သွားနိုင်ပါတယ်”ဟု ကလေးမြို့နယ်၊ ထိုမာကျေးရွာဒေသခံ ဦးသိန်းဝင်းက ပြောဆိုသည်။

R-20



FOLLOW US