News

POST TAGGED AS

ကလေးသူငယ်

အင်းဝအပ်ချုပ်ဆိုင်အမှုမှ နောက်ဆုံး သက်သေစစ်ဆေးရန် တစ်ဦးသာကျန်
ရန်ကုန်၊ နိုဝင်ဘာ ၇ 

အင်းဝ အပ်ချုပ်ဆိုင် မိသားစုအပေါ် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အပြီးသတ် လျှောက်လဲချက် တင်နိုင်ရန် တရားခံပြသက်သေများကို စစ်ဆေးလျက်ရှိရာ ကိုတင်မင်းလတ် တင်သွင်းသည့် သက်သေတစ်ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးထံမှ စုံစမ်း သိရသည်။

ယနေ့ ရုံးထုတ်စစ်ဆေးရာ ဒေါ်တင်သူဇာမှာ ကျန်းမာရေး အခြေအနေကြောင့် တရားခွင်သို့ တက်ရောက်နိုင်ခြင်း မရှိဘဲ အချုပ်ခန်းတွင်သာ ထားရှိပြီး ရှေ့နေဖြင့်သာ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့တရားခွင်သို့ ထုတ်ဆောင်ခဲ့သော်လည်း အချုပ်ကား ရောက်ရှိချိန် နောက်ကျခြင်း၊ သက်သေထွက်ဆိုမည့်သူကို စောင့်ဆိုင်းနေရခြင်းတို့ကြောင့် လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေများက ပြန်လည် ထွက်ခွာသွားသည့်အတွက် အမှုကို ဆက်လက် စစ်ဆေးနိုင်ခြင်းမရှိဘဲ နိုဝင်ဘာလ ၉ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“နောက်ဆုံးခံပြသက်သေ တစ်ဦးပဲ ကျန်တော့တာ၊ ဒါပြီးရင် နှစ်ဖက် လျှောက်လဲချက် ပေးမယ်၊ ပြီးရင်တော့ အပြီးသတ် အမိန့်ချတော့မှာပါ၊ ဒီနေ့ ရုံးထုတ်ချိန်မှာတော့ ဒေါ်တင်သူဇာက တရားခွင်အထိ လိုက်ပါနိုင်ခြင်း မရှိလို့ အချုပ်ခန်းထဲမှာပဲ ထားပြီး ရက်ချိန်း ယူသွားတယ်”ဟု အနောက်ပိုင်း ခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အင်းဝ အပ်ချုပ်ဆိုင် မိသားစုမှ နေအိမ် အကူမိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ အိမ်ရှင် ဒေါ်တင်သူဇာ၊ ကိုတင်မင်းလတ်၊ မစုမွန်လတ်နှင့် ကိုရာဇာထွန်းတို့ကို ကလေး သူငယ်ဆိုင်ရာ ဥပဒေ ပုဒ်မ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/ ၂၉၊ အပြင်းအထန် နာကျင်စေမှု၊ ချုပ်နှောင်ထားမှုတို့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅/ ၃၄၄ တို့ဖြင့် စွဲချက်တင်ထားပြီး မသီရိလတ်နှင့် ဦးကိုလတ်တို့ကို လူကုန်ကူးမှုတွင် အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၂၄/ ၂၉/ ၃၂ နှင့် အပြင်းအထန် နာကျင်စေရန် အားပေး အားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၃၂၅/ ၁၁၄ တို့ဖြင့် စွဲချက်တင် စစ်ဆေးနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကတော့ သက်သေကုန်ပြီ။ ဘယ်အချိန် အမိန့်ချမလဲဆိုတာ တရားရုံးပေါ်မှာပဲ မူတည်တယ်”ဟု အင်းဝ အပ်ချုပ်ဆိုင် မိသားစုဘက်က လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက မီဒီယာ၏မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

J-16



FOLLOW US