News

POST TAGGED AS

ကလေးသူငယ်

မိဘမဲ့ဂေဟာရှိ ကျောင်းသား ၇ ဦး ညှဉ်းပန်းနှိပ်စက်ခံရ
ရန်ကုန်၊ ဩဂုတ် ၂၉

မှော်ဘီမြို့နယ်၊ ယင်းဒိုက်ပင်အုပ်စု၊ ညောင်တံခါးကျေးရွာရှိ ရောင်စုံပန်း ကလေးများ မိဘမဲ့ဂေဟာရှိ ကျောင်းသား ခုနစ်ဦးကို ဂေဟာကြီးကြပ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားက မီးပူဖြင့်ကပ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မီးပူဖြင့်ကပ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရသူများမှာ အသက် ၁၀ နှစ်မှ ၁၈ ကြားရှိ လူငယ် ၇ ဦးဖြစ်ပြီး ဩဂုတ်လ  ၂၆ ရက် ညနေပိုင်းက ဘရိတ်ဓားတစ်ချောင်း ပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ ဂေဟာကြီးကြပ်သူ အသက် ၂၄ နှစ်အရွယ် ကိုဖြိုးပြည့်စုံလင်းက မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိသဖြင့် ကတ်ကြေးကို ဂတ်စ်မီးဖိုဖြင့် အပူပေးပြီး တင်ပါးများကို လှန်ကာကပ်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“အခုအမှုဖွင့် တိုင်ကြားထားတဲ့ သူက ယင်းဒိုက်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ၊ ကလေးတွေမှာ ဒဏ်ရာကို ကိုးလုံးကွင်းကျောင်းက ကျောင်းအုပ်ဆရာမကြီးက အရင်သိခဲ့တာ၊ အဲဒါနဲ့ သက်ဆိုင်ရာကို အကြောင်းကြား စစ်ဆေးလိုက်တဲ့အချိန်မှာ အထက(၂)မှာတက်နေတဲ့ ကျောင်းသားနှစ်ယောက်လဲ ပါတယ်ဆိုတာ သိခဲ့ရတယ်၊ အဲဒါနဲ့ ပြစ်မှုကျူးလွန်သူကို အမှုဖွင့် တိုင်ကြားခဲ့တာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းကလေးငယ်များ ညှင်းပန်နှိပ်စက်ခံရမှုကို ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က သိရှိခဲ့ရပြီး ကလေးငယ်များတွင် ရရှိသောဒဏ်ရာများနှင့် ပတ်သက်၍ ဆေးဝါးကုသနိုင်ရန် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ ကုသထားကြောင်း၊ ညှင်းပန်းနှိက်စက်သည်ဟုဆိုသော ကိုဖြိုးပြည့်စုံလင်းကို ယင်းနေ့ ည ၈ နာရီခန့်ခွဲခန့်ကဖမ်းဆီးပြီး မှော်ဘီမြို့မရဲစခန်းမှ (ပ)၁၀ဝ၀/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

ယင်းမိဘမဲ့ဂေဟာသည် လူမှုဖူလုံရေးတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ကိုယ်ထူကိုယ်ထ ထူထောင်ထားသည့်ဂေဟာဖြစ်ပြီး တောင်ငူမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကချင်ပြည်နယ်၊မော်လမြိုင်ကျွန်းမြို့နယ် အစရှိသည့် မြို့နယ်များမှာ ရောက်ရှိနေထိုင်သူ အမျိုးသား (၉)ဦး၊ အမျိုးသမီး (၅) ဦးရှိကြောင်း၊ ယခုအခါ ကလေးငယ်များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မှော်ဘီသေခံများထံမှ သိရသည်။

J-16



FOLLOW US