News

POST TAGGED AS

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကြောင်း ဟွန်ဆန်ကြေညာ၊ ပြိုင်ဘက်မရှိဘဲ အနိုင်ရသည့်ပွဲဟု အတိုက်အခံများပြော


ဖနွမ်ပင်၊ ဇူလိုင် ၃၀

ယမန်နေ့က ကျင်းပပြုလုပ်သော ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပင်မအတိုက်အခံပါတီ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ဝန်ကြီးချုပ်ဟွန်ဆန်၏ အာဏာရပြည်သူ့ပါတီ (CPP) ကသာ သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့ရာ အဆိုပါရွေးကောက်ပွဲအောင်နိုင်မှုကို လေ့လာစောင့်ကြည့်သူများက အနှစ်သာရမရှိသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြောဆိုကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

၁၉၈၅ ခုနှစ်မှစတင်ကာ ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း၃၃ ကြာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲကျင်းပသည့်နေ့ညပိုင်းတွင် ၎င်း၏အာဏာရ CPP ပါတီသာအပြတ်အသတ် အနိုင်ရရှိကြောင်း ကြေညာသည်။ 

CPP ပါတီက ၎င်းတို့သည် မဲ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း၊ ပါလီမန်လွှတ်တော်နေရာ စုစုပေါင်း ၁၂၅ နေရာတွင် ၁၀၀ ရရှိသွားကြောင်း ပြောကြားသည်။ 

ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မဲလာပေးသူ စုစုပေါင်း ၈၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။ ဝေဖန်ရေးသမားများက ပင်မအတိုက်အခံပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) မှာ ဖျက်သိမ်းခံရပြီး ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိသည့်အတွက် အနှစ်သာရမရှိဘဲ အတုအယောင်သဘောမျှသာဖြစ်သော ရွေးကောက်ပွဲကြီးသာဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည်။ 

ယခင် CNRP ပါတီမှ အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီက ၎င်း၏ Facebook စာမျက်နှာတွင် “ယှဉ်ပြိုင်မှုမပါဝင်သော အောင်မြင်မှုဟူသည် အနှစ်သာရလည်းမရှိပေ”ဟု ရေးသားဖော်ပြသည်။ ဆမ်ရိန်စီသည် ယခုအခါ ပြည်ပြေးဘဝဖြင့် ပြည်ပတွင်နေထိုင်လျက်ရှိသည်။ 

တရားဝင်ရွေးကောက်ပွဲရလဒ်များကို ဩဂုတ်လလယ်မတိုင်ခင်အထိ ထုတ်ပြန်ဦးမည်မဟုတ်ဟု ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြသည်။ 

လေ့လာဆန်းစစ်သူများအဆိုအရ လာရောက်မဲပေးခဲ့သူဦးရေ မည်ရွေ့မည်မျှ ရှိသည်ဟူသောကိစ္စမှာ ဝန်ကြီးချုပ်ဟွန်ဆန်၏ တရားဝင်အောင်မြင်မှုကို အဓိကစမ်းသပ် စိန်ခေါ်လိမ့်မည်ဖြစ်သည်။ 

ရွေးကောက်ပွဲ မဲဆွယ်ကာလများတွင် အတိုက်အခံနိုင်ငံရေးသမားများက ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ကြရန် တိုက်တွန်းခဲ့သည်။ 

F-01



FOLLOW US