News

POST TAGGED AS

ကိုးကန့်

လောက်ကိုင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
ရန်ကုန်၊ မတ် ၁၁

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့သို့ MNDAA (ကိုးကန့်) တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး ခြောက်ရက်ခန့် အကြာ၌ အစိုးရက  ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ကိုးကန့်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် မတ်လ ၁၀ ရက် နေ့မှ စတင်၍ ည ၉ နာရီမှ နံနက် ၆ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ ကြောင်း နိုင်ငံတော် သမ္မတရုံးသတင်း ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

မတ်လ ၆ ရက်နေ့၌ လောက်ကိုင်မြို့ကို MNDAA (ကိုးကန့်)တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် မူလတန်းပြ ဆရာမဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာ ရရှိမှုများ အများအပြား ရှိနေပြီး ကိုးကန့် ယာဉ်ထိန်း ရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ထို့ပြင် တိုက်ခိုက်မှုတွင် မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားပြီး လက်ရှိတွင် တပ်မတော်မှ နယ်မြေ ရှင်းလင်းလျက်ရှိသေးကြောင်း အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၌ လောက်ကိုင်မြို့၌ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်များနှင့် တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ၂၀၁၅ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မူလ အခြေအနေ ပြန်လည် ရောက်ရှိလာသဖြင့် စစ်အုပ်ချုပ်ရေး ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းမြောက် မူဆယ်သို့မြောက်ပိုင်း လက်နက်ကိုင်တို့ ဝင်ရောက်တိုက်ခိုက်မှုအပြီးတွင် လောက်ကိုင်မြို့သို့ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းသို့ KIA, TNLA နှင့် MNDAA လက်နက် ကိုင် အဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် အရပ်သား စုစုပေါင်း ၁၄ ဦး ကျဆုံးခဲ့သည်။

J-07



FOLLOW US