News

POST TAGGED AS

ကိုရီးယား

ကိုရီးယားနိုင်ငံက ၂၀၁၈ ခုနှစ်တွင် မြန်မာလုပ်သား နှစ်ဆကျော် တိုးခေါ်


ရန်ကုန်၊ မတ် ၁၃

နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုဖြင့် လုပ်သားခေါ်ယူနေသည့် ကိုရီးယားနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် မြန်မာလုပ်သား နှစ်ဆကျော်တိုးခေါ်ရန်ရှိကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသော်က ပြောကြားသည်။

“မနှစ်က လုပ်သားလေးထောင် အောင်မြင်တယ်။ ဒီနှစ်ကိုတော့ နှစ်ဆခွဲကျော် အောင်မြင်မှုပေးမယ်ပြောတယ်။ လုပ်သားတစ်သောင်းကို ကိုရီးယားဘက်က အောင်မြင်မှုပေးမယ်ပြောတယ်။ မြန်မာအလုပ်သမားတွေကို ကိုရီးယားနိုင်ငံဘက်က ကြိုက်တယ်။ နောက်ပြီး မြန်မာအလုပ်သမားတွေ တရားမဝင်နေထိုင်မှု နည်းတဲ့အတွက် လုပ်သား တိုးပြီးခေါ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းအတွက် လုပ်သား ၉၀၀၊ ကုန်ထုတ်လုပ်ငန်းအတွက် လုပ်သား ၈၇၀၀ ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်သား ၄၀၀ ကို ခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းတွင် မတ်လ ၁၂ ရက် မှ ၁၃ ရက်အထိကို လျှောက်လွှာထုတ်သူ ၁၈,၀၀၀ ရှိပြီး၊ မန္တလေးတိုင်းတွင် လျှောက်လွှာထုတ်သူ ၈၀၀၀ ကျော်ရှိသည်။

“ဒီနေ့ ကိုရီးယား ဖောင်သွားထုတ်တာ အခက်အခဲတော့မရှိဘူး။ မနှစ်က ဖြေတဲ့သူတွေလို တိုးဝှေ့မဝယ်ရဘူး။ ဒီလကစပြီး အဆောင်နေတယ်။ ပတ်စပို့လုပ်တာနဲ့ ရှစ်သိန်းလောက်ရှိပြီး ကုန်တယ်။ ကုန်ထုတ်ကို လူအများကြီးခေါ်မှာဆိုတော့ ကိုယ်ပါအောင်တော့ လုပ်ရမှာပေါ့”ဟု ကိုရီးယားစားမေးပွဲကို ဖြေဆိုရန် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှလာသူ ကိုအောင်ခန့်က ဆိုသည်။

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPLK) စနစ်ဖြင့် လုပ်သားခေါ်ယူမှုကို ၂၀၁၁ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သား သုံးသောင်းထိရှိသည်။ 

J-18



FOLLOW US