News

POST TAGGED AS

ကိုရီးယား

ကိုရီးယားက မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကိုရီးယားနိုင်ငံက ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းတွင် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွင် ရင်းနှီးမြှုပ်နှံမှုများလိုအပ်နေပြီး လက်ရှိတွင် ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့က ယင်းကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံနေကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုဆို ကိုရီယားက လမ်းပန်းဆက်သွယ်ရေးပိုင်းမှာဆိုရင် ရန်ကုန်-ဒလတံတား ဆောက်လုပ်ရေးကို ရင်းနှီးမြှုပ်နှံထားတယ်။ နောက်ပိုင်းမှာလည်း ပို့ဆောင်ရေးပိုင်းမှာ ဝင်ရောက်ဖို့ စုံစမ်းတာတွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ-ကိုရီးယား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဖိုရမ်တွင်လည်း ကိုရီးယား မီးရထားအဖွဲ့အစည်းတစ်ခုက ၎င်းတို့နိုင်ငံ၏ နည်းပညာများကို အခြေခံ၍ ပြည်တွင်း၏ ရထားပို့ဆောင်ရေးလုပ်ငန်းတွင် ဆောင်ရွက်လိုသည့်အတွက် ပူးပေါင်းရမည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် တောင်းဆိုထားသည်။

ရထားနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုလိုနေသော လုပ်ငန်းများမှာ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ခြင်းအပြင် အခြားသော လမ်းပိုင်းများလည်းရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးငြိမ်းအေးက ပြောကြားသည်။

“ရထားလမ်းပိုင်း အဆင့်မြှင့်တာနဲ့ပတ်သက်လို့ နိုင်ငံတကာက အထောက်အပံ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖိတ်ခေါ်ထားတဲ့အတွက် မြန်မာ့မီးရထားနဲ့ တိုက်ရိုက်ဆောင်ရွက်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ကိုရီးယားနိုင်ငံမှ ကုမ္ပဏီပေါင်း ၅၆၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၅ ချိတ်ကြောင်း၊ လတ်တလော ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ စက်မှုကုန်ထုတ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-13



FOLLOW US