News

POST TAGGED AS

ကိုရီးယား

ခက်ခက်ခဲခဲရထားသည့် ကိုရီးယားကျွန်းဆွယ်တင်းမာမှု လျော့လာသည်ကို ထိန်းထားရမည်ဟု ရှီကျင့်ဖျင်က ထရမ့်ကို ဖုန်းဆက်သတိပေး


ဘေကျင်း၊ ဇန်နဝါရီ ၁၆

ခက်ခက်ခဲခဲရထားသည့် ကိုရီးယားကျွန်းဆွယ်တင်းမာမှု လျော့လာသည့်အခြေအနေကို ဆက်ထိန်းထားရမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်သွယ်ပြောကြားစဉ် တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ဖုန်းဆက်သွယ်ပြောဆိုမှုတွင် အရေးကိစ္စများ၌ ညီညွတ်စွာဆောင်ရွက်ရန် အရေးကြီးသည်ဟု ရှီကပြောကြားခဲ့သည်ဟု CCTV သတင်းတွင်ဖော်ပြသည်။

၁၆ ရက်နေ့တွင်ပင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ နိုင်ငံပေါင်း ၂၀ မှ ထိပ်တန်းတာဝန်ရှိသူများ စုဝေး၍ မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကို ထိန်းချုပ်နိုင်ရေး တွေ့ဆုံဆွေးနွေး လျက်ရှိသည်။ 

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ ဖျက်သိမ်းစေရေးအတွက် သံတမန်ရေးနှင့် ဘဏ္ဍာရေးအရ ဖိအားပေးနိုင်မည့် နည်းလမ်းများကို ညှိနှိုင်းနေကြခြင်း ဖြစ်သည်။ 

လက်ရှိအနေအထားတွင် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပွဲကို အကြောင်းပြု၍ ကိုရီးယားကျွန်းဆွယ် ၂ နိုင်ငံ ဆက်သွယ်စကားပြောမှု လမ်းကြောင်းများ ပွင့်လန်းလာလျက်ရှိသည်။

မြောက်ကိုရီးယားအရေးတွင် သိပ်ပြီးအကောင်းမမြင်ကြရန် အမေရိကန်အရာရှိကြီးများက သတိပေးမှုများရှိသော်လည်း ကိုရီးယားပြည်သူများအကြား ငြိမ်းချမ်းရေး မျှော်လင့်ချက်များ ရှင်သန်လျက်ရှိသည်။

မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်လုံးများ၊ နျူကလီးယားစမ်းသပ်မှုများ ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ဆောင်ရွက်နေခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အာပေါင်အာရင်းသန်သန်ဖြင့် မြောက်ကိုရီးယားအပေါ် ပြောဆိုမှုများရှိနေသည်။

ယခုအခါ မြောက်ကိုရီးယားသည် ၎င်းတို့ သံစုံတီးဝိုင်းအဖွဲ့ကို တောင်ကိုရီးယားသို့ စေလွှတ်ရန် သဘောတူညီလိုက်ပြီဖြစ်သည်။ 

F-03



FOLLOW US