News

POST TAGGED AS

ကိုယ်စားလှယ်

ညောင်တုန်း NLD ဒုတိယ ဥက္ကဋ္ဌကို အိမ်ပေါ်တက်ဝိုင်းရိုက်သူ ၈ ဦးကို အမှုဖွင့်
ပုသိမ်၊ မေ ၂၂

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောမောင်စိုးကို လူ ၈ ဦးက အိမ်ပေါ်တက်ကာ ထိုးကြိတ်ရိုက်နှက်မှုနှင့် ပတ်သက်၍ မေလ ၂၁ ရက်က အမှုဖွင့်ကာ တိုင်ကြားထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

အဆိုပါအိမ်တွင် လာရောက်တည်းခိုသူ ဦးအောင်နိုင်က ဦးစောမောင်စိုး၏ သမီးနှင့်ပတ်သက်၍ ပြောဆိုမှုကြောင့် ဦးစောမောင်စိုး၏ သားဖြစ်သူ ဦးထိန်လင်းစိုးနှင့် စကားများခဲ့ကြောင်း၊ ဦးအောင်နိုင်က အိမ်ပေါ်မှာဆင်းသွားပြီး ၎င်းအပါအဝင် လူရှစ်ဦးက ကား ၂ စီးဖြင့် ပြန်ရောက်လာကြောင်း၊ ယင်းနောက် ခြံတံခါးကို ဖျက်ဆီးဝင်ရောက်ကာ ဦးစောမောင်စိုးနှင့် ၎င်း၏သားတို့ကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ရဲစခန်းတွင် ကနဦးတိုင်ကြားချက်အရ သိရသည်။ 

အသက် ၆၈ နှစ်အရွယ် ဦးစောမောင်စိုးမှာ ဒဏ်ရာများရရှိသဖြင့် ဆေးရုံတက် ကုသနေရသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဦးအောင်နိုင်အပါအဝင် ရှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းတို့ကို မယ်ဇလီနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ထားကာ ဖမ်းမိနိုင်ရန်စုံစမ်းနေသည်။

R-12



FOLLOW US