News

POST TAGGED AS

ကိုဖီအာနန်

ကိုဖီအာနန် ရခိုင်သို့ ဒီဇင်ဘာ ၂ ရက် ရောက်မည်
စစ်တွေ၊ နိုဝင်ဘာ ၂၈

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မရှင်အဖွဲ့သည် စက်တင်ဘာ ၆ ရက်က ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်ကလည်း ကော်မရှင်အဖွဲ့ဝင် ခုနစ်ဦးသည် ဒုတိယအကြိမ်အဖြစ် စစ်တွေမြို့ကို လာရောက်ခဲ့ပြီး နှစ်ဖက်လူမှုအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အကြံပေးကော်မရှင်အဖွဲ့၏ ခရီးစဉ်များအတွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည့် သက္ကယ်ပြင် ဘင်္ဂလီကျေးရွာမှ အစ္စလာမ် ဘာသာဝင် ဦးကျော်လှအောင်က “နှစ်ကြိမ်လုံးမှာ တွေ့တဲ့အချိန်မှာ အဓိကကတော့ သူတို့(ကော်မရှင်) အနေနဲ့ သိချင်တာတွေကို အဓိက ဖြေကြားခဲ့ပါတယ်” ဟု ပြောသည်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ယခုခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ မြေပုံမြို့များသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အကြံပေးကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို သြဂုတ် ၂၄ ရက် ရက်စွဲဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံးက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ် ပထမခရီးစဉ်အတွင်း စစ်တွေမြို့ရှိ ဒေသခံများက ကော်မရှင်ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(ပုံစာ- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန် စက်တင်ဘာအတွင်းက စစ်တွေသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်။)

ဓာတ်ပုံ - ဖိုးသီဟ



FOLLOW US