News

POST TAGGED AS

ကိုဖီအာနန်

ကိုဖီအာနန် ရက်ပိုင်းအတွင်း ရခိုင်သွားမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရက်ပိုင်းအတွင်း (နိုဝင်ဘာလကုန်) တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

၎င်း၏ ခရီးစဉ်သည် သုံးရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး ရခိုင်ပြည်နယ်အပြင် နေပြည်တော်သို့လည်း သွားရောက်၍ အာဏာပိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန် အစီအစဉ်ရှိကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော့်အထင်တော့ သုံးလေးရက်လောက်တော့ ကြာမယ်။ နေပြည်တော်လည်း သွားရင်သွားမယ်။ အတိအကျ မသိသေးပေမယ့် နေပြည်တော် အစီအစဉ်လည်း ရှိတယ်။ အာဏာပိုင်တွေနဲ့ တွေ့မယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အနေနဲ့ လာမည့် ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ကြားဖြတ်အကြံပြုချက် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံ တင်သွင်းသွင်းသွားမည် ဖြစ်ပြီး မောင်တောဒေသသို့ သွားရောက်ရန် အစီစဉ်ကို နယ်မြေအခြေအနေပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုခရီးစဉ်သည် ကိုဖီအာနန်၏ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်သို့ လာရောက်သည့် ခရီးစဉ် ဖြစ်လာမည် ဖြစ်ပြီး ကော်မရှင် စတင်ဖွဲ့စည်းပြီးနောက် စက်တင်ဘာလဆန်းပိုင်းတွင် ပထမအကြိမ် လာရောက်ခဲ့သည်။

ကိုဖီအာနန်၏ ကော်မရှင်သည် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်ရာတွင် အနိုင်ရရှိခဲ့သည့်အတွက် ယင်းကော်မရှင်သည် ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်အရ တရားမ၀င် ဖြစ်နေပြီး ပြည်ထောင်စုက တရားဝင်ဟု ဆုံးဖြတ်ပေးလိုက်သည့်အတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ်သည်။

“ဒီကော်မရှင်က တရားဝင်သလား မ၀င်ဘူးလား ဆိုတာ အစိုးရက ဘာမှမဆိုင်သလို လုပ်နေတယ်။ ပြည်နယ်အစိုးရက ကိုဖီအာနန်ကော်မရှင်ကို တရားဝင် အသိအမှတ်ပြုတာ ဆက်ဆံတာတွေ လုပ်လာတယ် ဆိုရင် အဲဒါက ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ကြလိမ့်မယ်” ဟု ၎င်းက ဝေဖန်သည်။

ပထမအကြိမ်မြောက် ခရီးစဉ်တွင် ရခိုင်ပြည်သူများက ယင်းကော်မရှင်ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၌ပင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပေးရန် ဆွေးနွေးမှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့် သြဂုတ်လပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ကော်မရှင်တွင် နိုင်ငံတကာမှ အကြံပေးပညာရှင် သုံးဦး အပါအ၀င် ပြည်တွင်းမှ ပညာရှင်ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများက ကိုဖီအာနန်သည် နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်ကို  ရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာရန် ရှိသည်ဟု The Voice သို့ ပြောကြားသည်။ 




FOLLOW US