News

POST TAGGED AS

ကုလသမဂ္ဂ

ကုလလုံခြုံရေးကောင်စီတွင် ဂျာမနီကို ရွေးချယ်တင်မြှောက်


နယူးယောက် ဇွန် ၉

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော ၂ နှစ်သက်တမ်းအဖွဲ့ဝင်နေရာအတွက် ဂျာမနီနိုင်ငံကို ရွေးချယ်တင်မြှောက်လိုက်ပြီး ကျန်အဖွဲ့ဝင်နေရာများကို ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ဒိုမီနီကန်ရီပတ်ဘလစ်နှင့် အင်ဒိုနီးရှားတို့က ရရှိကြမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့က အထွေထွေညီလာခံ မဲခွဲမှုတွင် ထောက်ခံမဲသုံးပုံနှစ်ပုံကျော် ရရှိခဲ့ပြီးနောက် ဂျာမနီသည် လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နေရာကို ခြောက်ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။

အနောက်ဥရောပနှင့် အခြားဒေသများအစုအတွက် ခွဲတမ်းရသော နှစ်နေရာတွင် အစ္စရေးက စောစီးစွာ နုတ်ထွက်သွားမှုကြောင့် ဂျာမနီနှင့်ဘယ်လ်ဂျီယံသည် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်ကာ သေချာနေသော နေရာနှစ်ခုကို မဲခွဲကာဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဂျာမနီသည် မဲပေါင်း ၁၉၀ အနက် ၁၈၄ မဲ ရရှိခဲ့သည်။

ယခုကဲ့သို့ ရွေးချယ်ခံရခြင်းကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက “ကျွန်ုပ်တို့သည် အဆိုပါကြီးမားသော တာဝန်နှင့် ဝတ္တရားကို ရယူရန် ကြိုးစားခဲ့ပြီး ယခုကဲ့သို့ ယုံကြည်မှုပေးသူများကို များစွာ ကျေးဇူးတင်ရှိသည်” ဟု twitter တွင် ရေးသားခဲ့သည်။

မဲပေးပွဲတက်ရောက်ရန်အတွက် နယူးယောက်သို့ မထွက်ခွာမီ ဂျာမန်နိုင်ငံ ခြားရေးဝန်ကြီး ဟိုက်ကိုမတ်စ်က “အထူးသဖြင့် လက်ရှိအခြေအနေမျိုးမှာ အားကောင်းခိုင်မာတဲ့ ကုလသမဂ္ဂအဖွဲ့ကို လိုအပ်ပါတယ်” ဟု ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျာမနီ၊ ဘယ်လ်ဂျီယံတို့နှင့်အတူ တောင်အာဖရိက၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ အင်ဒိုနီးရှားတို့သည် ၂၀၁၉ - ၂၀၂၂ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်သစ်များ ဖြစ်လာကြမည်ဖြစ်သည်။

၂ နှစ်သက်တမ်း ပြီးဆုံးကာ နှစ်ကုန်တွင် ထွက်ခွာရမည့်နိုင်ငံများမှာ ဆွီဒင်၊ နယ်သာလန်၊ အီသီယိုးပီးယား၊ ဘိုလစ်ဗီးယား၊ ကာဇက်စတန်တို့ဖြစ်သည်။

အလှည့်ကျအဖွဲ့ဝင် အခြားခြောက်နေရာကို ယခုနှစ်တွင် မရွေးချယ်သေးဘဲ အိုင်ဗရီကို့စ်၊ အီကွေတိုရီယယ်ဂီနီ၊ ကူဝိတ်၊ ပီရူးနှင့် ပိုလန်တို့က ရရှိထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗီတိုအာဏာ သုံးစွဲခွင့်ရှိသော အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ (အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်) ဖြင့် ဖွဲ့စည်းထားပြီး အမြဲတမ်းမဟုတ်သော ၂ နှစ်သက်တမ်း အလှည့်ကျအဖွဲ့ဝင် ၁၀ နေရာကို အထွေထွေညီလာခံက မဲပေးရွေးချယ်သည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နေရာသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ထိရောက်စွာ သဘောထားပေးခွင့်ရရှိသောကြောင့် ကုလအဖွဲ့ဝင်နိုင်ငံများအတွက် သံတမန်ရေး အောင်မြင်မှု အထွတ်အထိပ်ဟု ရှုမြင်ကြသည်။ လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂတွင် အရေးယူပိတ်ဆို့မှု ချမှတ်ခွင့်နှင့် စစ်အင်အား အသုံးပြုခွင့်ရှိသော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။

ဂျာမနီသည် ၁၉၇၃ တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက်ပိုင်း လုံခြုံရေးကောင်စီတွင် ခြောက်ကြိမ်မြောက် ရွေးချယ်ခံရခြင်းဖြစ်သည်။

F-04



FOLLOW US