News

POST TAGGED AS

ကုလသမဂ္ဂ

28-Aug-2016

ကုလသမဂ္ဂ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံမည်
နေပြည်တော်၊ သြဂုတ် ၂၈

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘန်ကီမွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ သြဂုတ် ၃၀ - ၃၁ ရက်နေ့တို့တွင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ဘာသာပေါင်းစုံ အသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များနှင့် သြဂုတ် ၃၁ ရက်တွင် Kempinski Hotel ၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များ ဖြစ်သော ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (သီတဂူဆရာတော်)၊ အရှင်ဆေကိန္ဒ (ဓမ္မဓူတ ဆရာတော်)၊ ဦးအရိယာဘိဝံသ (မြဝတီ ဆရာတော်)၊ အရှင်ဉာနိန္ဒ (မစိုးရိမ်တိုက်ဟောင်းမန္တလေး)၊ ဦးပညာသီဟ(သီတဂူကျောင်း) အပါအဝင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ ဘာဟာအီဘာသာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ဆရာတော်ကြီးတွေ တက်ဖြစ်မယ်၊ မတက်ဖြစ်ဘူးတော့ မပြောတတ်ဘူး။ ဖိတ်ကြားထားတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းသည် သြဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ၌ ညီလာခံ အဖွင့် မိန့်ခွန်း ပြောကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုက်ပြန်ချက်အရ သိရသည်။



FOLLOW US