News

POST TAGGED AS

ကုမ္ပဏီ

စင်ကာပူကုမ္ပဏီ Shwe Daehan Motors က ရန်ကုန်တွင် ကားနှင့် ဆိုင်ကယ်များ ထုတ်မည်
ရန်ကုန်၊ မေ ၃၀

စင်ကာပူနိုင်ငံအခြေစိုက် Shwe Daehan Motors ကုမ္ပဏီလီမိတက်က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မေလ ၂၉ ရက်နေ့က ပြုလုပ်သည့် (၇/၂၀၁၈) အစည်းအဝေးတွင် ပြည်တွင်း၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင် မှုပေးခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီအနေနှင့် အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး မော်တော်ယာဉ်ကို အစိတ်အပိုင်းများဖြင့် တပ်ဆင်ထုတ်လုပ်ခြင်း (SKD) စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကာ Daehan အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်းရောင်းဝယ်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ဒီမှာပဲထုတ်မယ်၊ ပြည်တွင်း ဈေးကွက်ကိုလည်း ဖြန့်မယ်ဆိုရင် ပြည်သူတွေအတွက် ကားအသစ်တွေကို ဈေးသက်သက်သာသာ စီးနိုင်မယ့် အနေအထား ဖြစ်လာနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့် Nissan တို့က မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

ပြည်ပမှ တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်မပေးသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကိုမူ ရန်ကုန်လိုင်စင် ထုတ်ပေးလျက်ရှိသည်။

J-01



FOLLOW US