POST TAGGED AS

ကုမ္ပဏီ

လုပ်ငန်းမရပ်ဆိုင်းခင် တူးဖော်ခဲ့သည့် ဖြုန်းအိတ်များကို ရွှေသန့်စင်ထုတ်လုပ်ခွင့်ပေးရန် တောင်းဆို
မန္တလေး၊ မေ ၂၈

ရွှေတူးဖော်ခွင့်မရပ်ဆိုင်းခင်အထိ တူးဖော်ပြီးသော ဖြုန်းအိတ်များကို ရွှေသန့်စင် ထုတ်လုပ်ခွင့်ပြုပေးရန် တိုင်းရင်းသားရွှေလုပ်ငန်းရှင်များက နိုင်ငံတော်အစိုးရထံ တောင်းဆိုထားကြောင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသခံ ရွှေတူးဖော်ထုတ်လုပ်သူများ အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက ပြောကြားသည်။

လုပ်ငန်းမရပ်ဆိုင်းခင်ကာလအထိ တူးဖော်ထုတ်လုပ်ထားသော ဖြုန်းအိတ် တန်ချိန် ၂၀၀၀၀ ကျော်ရှိရာ ၎င်းတို့ကို ကြိတ်ခွဲသန့်စင်ပြီး ထွက်ရှိလာမည့် ရွှေစင်အလေးချိန်၏ ၃၀ ရာခိုင်နှုန်းကို သတ္တုတွင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံတော်သို့ တိုက်ရိုက်ပေးသွင်းလိုကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောဆိုသည်။

“နိုင်ငံတော်ကဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းရဲ့ အနီးကပ်စစ်ဆေးကြပ်မတ်မှု အောက်ကနေ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

မိုးထိမိုးမိဒေသရှိ လုပ်ကွက်များကို စစ်ဆေးစဉ်အချိန်က တွေ့ရှိရသော ဖြုန်းအိတ်ပေါင်း ၂၁,၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ (ထုတ် လုပ်) ဦးအေးဇော်က ပြောကြားသည်။

“ဖြုန်းအိတ်တွေ ပျောက်သွားမှာ စိုးတယ်။ သတ်မှတ်တဲ့အခွန်ပေးသွင်း ကြေးနဲ့ ခွင့်ပြုပေးမယ်ဆိုရင် နိုင်ငံတော် အတွက်လည်း အခွန်ရမယ်။ ခုက ရွှေပါတဲ့ ဖြုန်းအိတ်တွေနဲ့ အခြားအိတ်တွေ အစားထိုးသွားမှာစိုးရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ ဒေသခံအလုပ်သမားများကို အချိုးကျခွဲဝေပေးလိုခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုခဲ့သော ငွေကြေးအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသခံ လုပ်ငန်းရှင်များအနေနှင့် စာချုပ်ပါအချက်များအတိုင်း နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေပိဿာ ၆၀၇ ကိုလည်း ပေးသွင်းထားပြီးဖြစ်ကြောင်း မိုးထိမိုးမိဒေသခံ ရွှေတူးဖော်ထုတ်လုပ်သူများ အခွင့်အရေးဆိုင်ရာကော်မတီထံမှ ထပ်မံသိရသည်။ 

ရွှေတူးဖော်မှုလုပ်ငန်းများ ရပ်ဆိုင်း ထားရသောကြောင့် လုပ်ငန်းရှင်အချို့ အနေနှင့် ဘဏ်ချေးငွေပြန်မဆပ်နိုင်ဖြစ် ကာ တရားရင်ဆိုင်နေရသူများ ရှိနေ ကြောင်း လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ကို က ပြောကြားသည်။

“အစိုးရကသာခွင့်ပြုပေးရင် နိုင်ငံတော်လည်း အခွန်ရမယ်။ လုပ်ငန်းရှင်လည်း ငွေကြေးအခက်အခဲပြေလည်သွားမယ်။ အလုပ်သမားတွေရဲ့ လူနေမှုဘဝလည်း အဆင်ပြေမယ်”ဟု ၎င်းက ပြောဆိုသည်။

တိုင်းရင်းသားဒေသခံ လုပ်ငန်းရှင် ၃၄ ဦးသည် အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီထံမှ မိုးထိမိုးမိရွှေလုပ်ကွက် ၇၀ ကို ရင်းနှီးမြှုပ်နှံခဲ့ရာတွင် မိုးထိမိုးမိဒေသရှိ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းထားရန် နိုင်ငံတော်အစိုးရက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာထုတ်ပြန်ခဲ့သည်။  

M-08



FOLLOW US