News

POST TAGGED AS

ကုမ္ပဏီ

တနင်္သာရီတွင် အရည်အသွေးညံ့ ပစ္စည်းသုံးသည့် ကုမ္ပဏီနှစ်ခု ဆောက်လုပ်ခွင့်ရပ်နား
ထားဝယ်၊ မေ ၁၇

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က အရည်အသွေးညံ့ ဆောက်လုပ်ရေးပစ္စည်းများ သုံးစွဲကာ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီနှစ်ခုကို ဆောက်လုပ်ခွင့် ရပ်နားစေခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က အစိုးရရန်ပုံငွေဖြင့် လုပ်ကိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေးမမီ ပစ္စည်းများ သုံးစွဲခဲ့သည့် ကုမ္ပဏီ ၂ ခုကို အပြစ်ပေးသည့်အနေဖြင့် ဆောက်လုပ်ခွင့်ရပ်နားစေခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးဦးကြည်လှိုင်က ရှင်းပြသည်။

ကုမ္ပဏီ နာမည်များကိုမူ ထုတ်ဖော်ပြောခြင်း မရှိပေ။

ယခုနှစ်တွင် ယင်းကုမ္ပဏီများ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါထပ်ပြိုင်ပါက အမှတ်ပေးစည်းမျဉ်းအရ အမှတ်လျှော့ သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်မှာလည်း သုံးစွဲတဲ့ ပစ္စည်းတွေ အရည်အသွေးမကောင်းရင် ရပ်နားခိုင်းဖို့ ရှိတယ်”ဟု ဦးကြည်လှိုင်က ပြောသည်။

သရက်ချောင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် အဆောက်အအုံဆောက်လုပ်နေသည့် ကုမ္ပဏီနှစ်ခုကို လုပ်ငန်း ရပ်နားခိုင်းခြင်း ဖြစ်သည်။

လက်ရှိအနေအထားတွင် ကုမ္ပဏီအများစုက အရည်အသွေးကောင်းစေရန် အပြိုင်အဆိုင် တည်ဆောက်နေချိန်ဖြစ်ပြီး အရည်အသွေးညံ့ ပစ္စည်းသုံးသည့် ကုမ္ပဏီ အလွန်နည်းပါးကြောင်း ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဒီလိုအပြစ်ပေးတာ ကောင်းတယ်၊ အားလုံးကောင်းအောင် ကြိုးစားနေချိန်မှာ သူညံ့ရင် သူခံပေါ့”ဟု အဆိုပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

ဆောက်လုပ်ခွင့်ရကုမ္ပဏီကို ပစ္စည်းအရည်အသွေးမပြည့်သည့်အတွက် ဆောက်လုပ်ခွင့်ရပ်နားစေပြီး ယင်းအဆောက်အအုံကို တင်ဒါယှဉ်ပြိုင်စဉ်က ဒုတိယအမှတ်အများဆုံးရသည့် ကုမ္ပဏီ (သို့) ဌာနက ကြီးကြပ်ကာ ဆက်လက်ဆောက်လုပ်စေခဲ့ကြောင်း ၀န်ကြီးဦးကြည်လှိုင်က ဆိုသည်။

ဆောက်လုပ်ခွင့်ရပ်နားလိုက်ရသည့် ကုမ္ပဏီများ သုံးစွဲခဲ့သည့် ပစ္စည်း( ဘိလပ်မြေ၊ သံချောင်း)တန်ဖိုးကို တွက်ချက်ကာ ပြန်လည်ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က သတ်မှတ်စာချုပ်ပါ စည်းကမ်းဖောက်ဖျက်သည့် ဆောက်လုပ်ရေး ကုမ္ပဏီ ၈ ခုကို အရေးယူခဲ့ကြောင်း တိုင်း (တည်/ကော်) အတွင်းရေးမှူးက ပြောဆိုခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်က တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ကုမ္ပဏီပေါင်း ၃၀၇ ခု မှတ်ပုံတင်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

Dawei Watch



FOLLOW US