News

POST TAGGED AS

ကုန်သွယ်မှု

အမေရိကန် ကုန်သွယ်ရေးအစီအမံများအပေါ် တုံ့ပြန်မှုသည် တရားမျှတသည်ဟု တရုတ်ပြောကြား


ဘေဂျင်း ဩဂုတ် ၆

နှစ်နိုင်ငံ ကုန်သွယ်ရေးအငြင်းပွားမှုဖြစ်စဉ်တွင် အမေရိကန်ကုန်စည်များအပေါ် အခွန်ဒေါ်လာ ၆၀ ဘီလီယံတုံ့ပြန်ချမှတ်ရန် ခြိမ်းခြောက်မှုသည် အပြည့်အဝတရား မျှတမှုရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူတွင် စနေနေ့ကပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

တရုတ်ကုန်စည်များအပေါ် ဒေါ်လာဘီလီယံ ၂၀၀ အခွန်ချမှတ်မည့် အစီအစဉ်ကို ဝါရှင်တန်ကထုတ်ပြန်လိုက်ပြီးနောက် ဘေဂျင်းကလည်း အမဲသားမှသည် ကွန်ဒုံးအထိပါဝင်သော အမေရိကန်ကုန်စည်များအပေါ် အခွန်တုံ့ပြန်ချမှတ်မည်ဟု သောကြာနေ့က ခြိမ်းခြောက်ခဲ့သည်။

ဝါရှင်တန်က အခွန်ထပ်မံကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြှင့်မည်ဟု ဖော်ပြထားသည်။ အဆိုပါ နှစ်နိုင်ငံသည် စားသုံးသူများအထိနာစေမည့် ကုန်သွယ်ရေးပဋိပက္ခတွင် လအတန်ကြာ အချေအတင်အငြင်းပွားလျက်ရှိသည်။

တရုတ်နိုင်ငံသည် အမေရိကန်အသိ ပညာမူပိုင်ခွင့်များ ခိုးယူခြင်းအပါအဝင် မျှတမှုမရှိသော ကုန်သွယ်ရေးမူဝါဒများမှ အမြတ်ထွက်နေသည်ဟု ဝါရှင်တန်က ထောက်ပြထားသည်။

စင်ကာပူတွင် ကျင်းပသော အရှေ့တောင်အာရှ လုံခြုံရေးညီလာခံ၏ အဝန်းအဝိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တရုတ်နိုင်ငံ၏ တုံ့ပြန်ခြိမ်းခြောက်မှုသည် အပြည့်အဝ တရားမျှတမှုရှိကြောင်းနှင့် တရုတ်ပြည်သူတို့၏ အကျိုးကို စဉ်းစားသည့်အနေနှင့် တုံ့ပြန်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO က ထောက်ခံထားသောကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည်ဟု ဝမ်ယီက ဆိုသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသိသိသာ သာအကျပ်တွေ့နေပြီဟု ပြက်ရယ်ပြုခဲ့သည့် အိမ်ဖြူတော် စီးပွားရေးအကြံပေး လာရီကတ်ဒ်လိုး၏ မှတ်ချက်ကို တုံ့ပြန်သည့်ဝမ်ယီက “တရုတ်နိုင်ငံရဲ့ စီးပွားရေးကောင်းသလား၊ မကောင်းဘူးလားဆိုတာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ရှင်းရှင်းလင်းလင်း သိကြတဲ့အတိုင်း ပါပဲ။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုမှာ တရုတ်နိုင်ငံက ကြီးကြီးမားမားပါဝင်နေပါတယ်။ တရုတ်စီးပွားရေး မကောင်းဘူးလို့ သူပြောတာကို ကျွန်တော်နားမလည်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ အစောပိုင်းတွင် အမေရိကန်က တရုတ်ကုန်စည် ၃၄ ဘီလီယံဖိုး အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း နောက်ထပ် ၁၆ ဘီလီယံဖိုးအပေါ် အခွန်ချရန် စီစဉ်ထားမှုကြောင့် တရုတ်ဘက်မှ လက်တုံ့ပြန်မှုများ ထွက်ပေါ်လာစေခဲ့သည်။

ထို့နောက် ရက်ပိုင်းအကြာတွင် လျှပ်စစ်ပစ္စည်းများ၊ သားရေထည်များ၊ ပင်လယ်စာများအထိ ပါဝင်သည့် တရုတ်ကုန်စည် နောက်ထပ် ဘီလီယံ ၂၀၀ ဖိုးကို ၁၀ ရာခိုင်နှုန်း အခွန်ချမှတ်ဦးမည်ဟု ဝါရှင်တန်က ကြေညာခဲ့သည်။

အမေရိကန်က အခွန်သစ်များ ချမှတ်လျှင် တရုတ်ဘက်ကလည်း အခွန်သစ်များ ပြန်လည်ချမှတ်မည်ဟု ဘေဂျင်းက ပြန်လည်ကြေညာထားသည်။

F-04



FOLLOW US