News

POST TAGGED AS

ကုန်သည်

28-Mar-2018

မူဆယ် ကုန်သည်
မူဆယ်ကုန်သည်များ၏ ဘဏ်စာရင်း ၂၀၀ နီးပါးအပိတ်ခံရ၊ ဟွန်ဒီစနစ်ဖြင့်ငွေလွှဲ
ရန်ကုန်၊ မတ် ၂၇

တရုတ်အစိုးရဘက်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူဆယ်ကုန်သည်များ၏ ဘဏ်အကောင့် ၂၀၀ နီးပါးကို စာရင်းပိတ်လိုက်သည့်အတွက်ကြောင့် ဟွန်ဒီ (တရားမဝင်လမ်းကြောင်း) စနစ်ဖြင့် ငွေလွှဲနေရကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။

ယင်းကဲ့သို့ ပိတ်လိုက်ရခြင်းမှာ မူဆယ်ကုန်သည်များက တရားမဝင် လောင်းကစားကိစ္စများတွင် ပါဝင်ပတ်သက်နေပြီး အချို့ကုန်သည်များက ငွေစာရင်းဖွင့်ခြင်း၊ ငွေလွှဲခြင်းတို့ပြုလုပ်ရာတွင် တရုတ်ရဲများကို ငွေတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း စသည်ဖြင့် လာဘ်ထိုးခြင်းများကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လွန်ခဲ့တဲ့တစ်ရက်ကမှ အကောင့်တွေအများကြီး ပိတ်လိုက်တာ။ အရင်ကလည်း တစ်ယောက်၊ နှစ်ယောက် အပိတ်ခံရတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ချုပ်ကို ဖြစ်တဲ့နေ့ညနေတည်းက ဖုန်းဆက်တယ်။ ဘာကိစ္စမှ အကြောင်းမပြန်ဘူး။ သူတို့ သိတယ်ဆိုတာပဲ ပြောတယ်”ဟု ၎င်းက ဆိုသည်။

ဘဏ်အကောင့်ပိတ်လိုက်ခြင်းကြောင့် ကုန်သွယ်ရေးတွင် အဓိကနစ်နာရသူများမှာ နိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိတွင် ဆန်၊ သကြား၊ ပဲ၊ နှမ်း ကုန်သည်အများစုမှာ အကောင့်ပိတ်ခံရသည့်အတွက် တင်ပို့မှုများလျော့နည်းသွားကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။

“အများကြီးအပိတ်ခံရတော့ ကိုယ့်အလှည့် ဘယ်တော့လာမလဲ စိုးရိမ်နေကြလို့။ အရင်ကလို ပစ္စည်းတွေ မပို့ရဲဘူး။ ဟွန်ဒီစနစ်နဲ့ ငွေလွှဲတာက မသေချာဘူး။ ကြားထဲကလူက ငွေယူသွားရင် အရှုံးပေါ်မယ်။ တရားလည်း စွဲလို့မရဘူး”ဟု မူဆယ်ဆန်ကုန်သည် ဦးခင်မောင်မြင့်က ပြောဆိုသည်။

အဆိုပါ ဘဏ်အကောင့်အပိတ်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတစ်ကြိမ် အပိတ်ခံရကြောင်း၊ မူဆယ်ကုန်စည်ဒိုင်အနေနှင့် ယင်းကဲ့သို့ အပိတ်ခံနေရသည့်အတွက် ဗဟိုဘဏ်ကို ပြည်တွင်းဘဏ်များတွင် တရုတ်ယွမ် အကောင့်တရားဝင်ဖွင့်ခွင့်ပေးရန် စာတင်ထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိခဲ့ကြောင်း ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောဆိုသည်။

ယခင် ၂၀၁၇ ခုနှစ် ဘဏ်အကောင့် ပိတ်ခဲ့စဉ်က ကုန်သည်အများစုက ဆန္ဒပြခဲ့သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရွှေလီအစိုးရနှင့် ညှိနှိုင်းခဲ့သည့်အတွက် ဘဏ်အကောင့်များကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

J-13



FOLLOW US