News

POST TAGGED AS

ကုန်တင်ယာဉ်

ကုန်တင်ကားများ ပြေးဆွဲမှုရပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဆန္ဒပြရန်စီစဉ်
လားရှိုး၊ ဖေဖော်ဝါရီ ၁၄ 

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း၊ တံတားတိုးဂိတ်များတွင် ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာ၌ ယင်းတိုးဂိတ်ရှိ ကတ္တား၏အလေးချိန်အတိုင်း သတ်မှတ်ကောက်ခံမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ ၁၀ ရက်ကြာ ကုန်တင်ယာဉ်များကို ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားကာ ဆန္ဒပြရန်စီစဉ်လျက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။ 

B.O.T လမ်း ၊ တံတားတိုးဂိတ်များတွင် တပ်ဆင်အသုံးပြုသည့် ကတ္တားများသည် ဂိတ်တစ်ခုနှင့်တစ်ခု အလေးချိန်ကွာဟမှုကြောင့် မကြာခဏ အငြင်းပွားမှုရှိလာသဖြင့် ကတ္တာများအားလုံးကို အလေးချိန်စံကိုက်ခဲ့ပြီး လာမည့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ကတ္တား၏အလေးချိန်အတိုင်း သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။ 

“တိုးဂိတ်ကတ္တားရဲ့ အလေးချိန်အတိုင်း ငွေကောက်မယ်ဆိုတော့ တစ်တန်လောက်လျော့သွားတယ်။ ဆိုလိုတာက အရင်က ၁၅ တန် တင်လာပေမယ့် ကတ္တားတက်ရင် ၁၄ တန်ပဲပြတယ်။ ၁၄ တန်ဖိုးဆောင်ရုံပဲ ပိုတဲ့တစ်တန် ကိုယ့်အတွက် ကိုက်တယ်။ အခု ၁၄ တန်တင်လာရင် ကတ္တားက ၁၄ တန်ပြမယ်။ ၁၄ တန်ဖိုးငွေ ဆောင်ရမယ်။ ဒီအခါမှာ တွက်ခြေမကိုက်တော့ဘူး”ဟု ကုန်တင်ယာဉ်ပိုင်ရှင် ဦးအောင်လှိုင်က ပြောဆိုသည်။

အဆိုပါအစီအစဉ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ကတ္တားကုမ္ပဏီတို့ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ကတ္တားများကို စံချိန်ကိုက်ညှိခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြာက်ပိုင်းမှာရှိသည့် တိုးဂိတ် ၁၀ ခုမှ ကတ္တားများကို စံချိန်ကိုက်ညှိခဲ့ပြီးဖြစ်၍ သတ်မှတ်နေ့ရက်မှစတင်၍ ကတ္တားတွင်ပေါ်သည့်အတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်လမ်းပိုင်းကို တာဝန်ယူဆောင်ရွက်နေသည့် အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းသို့တိုးဂိတ်များတွင် ကတ္တားအတိုင်း ငွေကောက်ခံမည်ကို မကျေနပ်သည့်အတွက် ကုန်သည်များဘက်မှ ကုန်တန်ပိုတင်ဆောင်လာခြင်း မပြုနိုင်တော့သည့်အတွက် ဖေဖော်ဝါရီလ ၂၂ ရက် နေ့မှစတင်ကာ ကုန်ကားများကုန်မတင်ဘဲ ၁၀ ရက်ခန့် ရပ်နားပြီး အဆိုပါအစီအစဉ်ကို ကန့်ကွက်ရန် လူမှုကွန်ရက်ပေါ်၌ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများအကြား ပြောဆို စည်းရုံးမှုများရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ တရုတ်နှစ်သစ်ကူးကာလ ဖြစ်သည့်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများမှာ ရပ်နားထားကြမှာဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှာလည်း နည်းပါးသွားမည်ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ 

“၂၂ ရက်နေ့ကားတွေ ကုန်မတင်ဘူး၊ ရပ်ထားမယ်ဆိုပြီး စည်းရုံးနေကြပေမယ့် ရှမ်းမြောက်မှာ သွားလာနေတဲ့သူတွေ ကုန်ကားတွေက တရုတ်နှစ်သစ်ကူးကြောင့် အလိုလိုရပ်ထားကြမှာပဲ၊ ကျွန်တော့်အနေနဲ့ကတော့ ကုန်ရှိရင်သွားနေမှာပဲ။ ကုန်တင်ပို့နေ ကားတွေသွားနေမှ ကားဆရာတွေ၊ စပယ်ရာတွေ လုပ်ငန်းရှိနေမှာ၊ သူတို့မိသားစုဘဝတွေ ရှိသေးတယ်။ စားဝတ်နေရေး ခက်ကုန်မှာပေါ့”ဟု လားရှိုးမြို့ရှိ စည်သာကုန်စည်ပို့ဆောင်ရေးမှ ဦးမျိုးအောင်က ပြောဆိုသည်။ 

R-07



FOLLOW US