News

POST TAGGED AS

ကုန်စည်ဒိုင်

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင်အမည်ဖြင့် မှတ်ပုံတင်ခွင့်ရ


မန္တလေး၊ မေ ၁၂

သက်တမ်း ၈၃ နှစ်ရှိနေပြီဖြစ်သော မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းကို မန္တလေး ကုန်စည်ဒိုင်အမည်ဖြင့် မှတ်ပုံတင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း အသင်းသားအချို့ထံ မှ သိရသည်။

“အသင်းသူ၊ အသင်းသားတွေကလည်း မဟာကထိန်တော်အသင်းဆိုတဲ့ အမည်ကို မဖြုတ်ချင်ဘူး။ အရင်က မဟာကထိန်တော်အသင်းဆိုတဲ့ အမည်ပါရင် နိုင်ငံတော်အပိုင်းက လက်မခံခဲ့ဘူးဟု အသင်းသားအမှတ် ၅၅၃ ဦးမောင်မောင်ကြီးက ပြောကြားသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းကို မန္တလေးကုန်စည်ဒိုင်အမည်ဖြင့် မှတ်ပုံတင်ခွင့်ရသည့်အတွက် ကမ္ဘာ့နိုင်ငံများရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်ပြီး အကူအညီများ ရရှိလာမည်ဟုလည်း ၎င်းက ရှင်းပြသည်။

ယခုလ ၁၀ ရက်နေ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့ အသင်းတာဝန်ရှိသူများ သွားရောက်ဆွေးနွေးခဲ့ရာမှ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

“အသင်းကြီးရဲ့ မူလရည်ရွယ်ချက်နဲ့ အမည်ကို မပျောက်ပျက်စေဘဲ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ တော်လှန်ရေးကောင်စီအစိုးရ တက်ပြီးတဲ့နောက် ၁၉၆၂ ကနေ လက်ရှိအချိန်ထိ အသင်းမှာ မှတ်ပုံတင်မရှိသေးဘူး”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါအသင်းကို ပဲဘက်ဆိုင်ရာ အသင်းအမည်ဖြင့် စတင်ဖွဲ့စည်းတည် ထောင်ခဲ့သော်လည်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ကြောင်း ဦးချွန်က ရှင်းပြသည်။ 

“တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာ အသင်းအဖွဲ့အမည်နဲ့ သုံးလို့မရတဲ့အခါ ဘာသာရေးအမည်ပြောင်းပြီး ဒုတိယအမည်ဖြစ်တဲ့ ပွဲစား၊ ကုန်သည် မဟာကထိန်တော်အသင်းဆိုပြီး ပြောင်းလဲဖွဲ့စည်းခဲ့တာ။ နောက်ပိုင်းမှာ စက်ပိုင်တွေကလည်း ကုန်သွယ်ရေးလုပ်ငန်းမှာ ပါလာတာဆိုတော့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းဆိုပြီး ဖြစ်လာတာ”ဟု ဦးချွန်က ဆက်လက်ပြောဆိုသည်။

ယင်းအသင်းကို ၁၂၉၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ သက်တမ်း ၈၃ နှစ်ရှိနေပြီဖြစ်ပြီး အသင်းဝင်အရေအတွက် ၁၈၇၀ ဦးရှိသည်။

M-08




FOLLOW US