News

POST TAGGED AS

ကားလမ်း

ရန်ကုန်တိုင်းရှိ လမ်းများပြုပြင်ရန် အစိုးရ ဆွေးနွေး
ရန်ကုန်၊ ဇူလိုင် ၂၃

ရန်ကုန်တိုင်းအတွင်းရှိ ပျက်စီးနေသည့် လမ်းများပြုပြင်ရန် ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးခန်း၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ အစည်းအဝေးပြုလုပ်၍ ဆွေးနွေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် မိုးတွင်းကာလ၌ လမ်းများ ရေတိုက်စားပြီး ပျက်စီးယိုယွင်းလာခြင်းကြောင့် လမ်းပြုပြင်ရေးအတွက် ဘတ်ဂျက်ကို ရရှိထားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းအပါအဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါ လမ်းများပြုပြင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ဆွေးနွေးသည့် အစည်းအဝေးနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းအား ဆက်သွယ်မေးမြန်းရာတွင် “အစည်းအဝေး ကျွန်တော်မတက်ရဘူးဗျ။ အဲ့ဒါကြောင့် ဆွေးနွေးတာမသိတော့ တိတိကျကျပြောနိုင်မှာမဟုတ်ပါဘူး။ ဝန်ကြီး ဒေါ်နီလာကျော်ကို မေးကြည့်ပါ” ဟု ဖြေကြားသည်။

ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင်လ ၂၀ ရက် ကော့မှူးခရီးစဉ်တွင် ရန်ကုန်မြို့တွင်း လမ်းများမကောင်းဘဲ မြို့ပြင်ဘက်လမ်းများ ပိုကောင်းလာကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပြောကြားပြီးနောက်ပိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းလျားကန်ဘောင်အနီးအပါအဝင် ရန်ကုန်မြို့နေရာအချို့၌ ပျက်စီးနေသည့်လမ်းများ ပြုပြင်နေမှုများကို ယခုရက်ပိုင်းအတွင်း တွေ့ရှိလာရသည်။

J-17



FOLLOW US