News

POST TAGGED AS

ကားလမ်း

ဟားခါးမြို့နယ် လောက်လုံး-လီချား ကျေးရွာချင်းဆက် ကားလမ်းဖောက်မည်
ကလေး၊ ဇွန် ၂ 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လောက်လုံးကျေးရွာနှင့် လီချားကျေးရွာအကြား ကျေးရွာချင်းဆက်လမ်းကို ကားလမ်းအဖြစ် ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။ 

ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှန်အောရ်က ဟားခါးမြို့နယ်အတွင်းရှိ လောက်လုံး၊ လီချား၊ ဘွန်လုံး၊ ဒေါင်ဗား၊ ဖိုင်ဇာ (က)၊ ဖိုင်ဇောင်၊ လုံရန်း၊ လုံခင်းနှင့်လေပီး ဟူသည့် ကျေးရွာ ၉ ကို ဆက်သွယ်သည့် ကားလမ်းဖောက်လုပ်ပေးရေး မေးမြန်းရာတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ကျေးရွာ ၉ ရွာချင်းဆက် လမ်းအနက် လောက်လုံးကျေးရွာနှင့် လီချားကျေးရွာအကြား အရှည် ၆ မိုင် အနက် ၃ မိုင်ကို ၂၁ ပေ အကျယ် မြေသားလမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၁၂ လ ရန်ပုံငွေတွင် ကျန်ရှိသော မြေသားလမ်း ၃ မိုင်ကို ဆက်လက်ဖောက်လုပ်ပေးမည့်အပြင် ဘေနူးမြစ်ကူး (တီးမစ်ချောင်း) တံတားကိုတည်ဆောက်နိုင်ရန်အတွက် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောဆိုသည်။

“တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ပေးမယ့် ကားလမ်းပေါက်မယ်ဆိုရင်တော့ ဒေသထွက် သစ်သီးဝလံတွေကို ဟားခါးကို အလွယ်တကူ ရောင်းဝယ်တင်ပို့နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေရဲ့ဝင်ငွေတိုးလာမှာဖြစ်ပါတယ်”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရှန်အောရ်က ပြောဆိုသည်။ 

လီချားနှင့် လေပီးအကြား လမ်းအရှည် ၇၅ မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းစာရင်းတွင် မပါဝင်သေးသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆက်လက်ပြောကြားသည်။

R-20



FOLLOW US